ဓမ္မစကူးလ်ဖောင်ဒေးရှင်း
အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ
(ဓမ္မစကူးလ်ကျောင်းတော်များ အကောင်အထည်ဖော်ရေး စီမံချက်)
၁။ နိဒါန်း
၂ဝ၁၂ - ခုနှစ်၊ မတ်လ၊ ၁၄ - ရက်တွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကို ရဟန်းပညာရှင်၊ လူပညာရှင် များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းက အောက်ပါ ရည်မှန်းချက် (၃) ရပ်ကို ချမှတ် ထားသည်။ ၎င်းတို့မှာ …
(၁) ခေတ်မီသင်ကြားနည်းစနစ်များပါဝင်သော ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းများ ပေါ်ပေါက်ရေး၊
(၂) ခေတ်မီသင်ကြားနည်းစနစ်များဖြင့် သင်ကြားနိုင်သော ဆရာ၊ ဆရာမများ မွေးထုတ်ပေးရေး နှင့်
(၃) မြန်မာနိုင်ငံအနှံ့ ဓမ္မစကူးလ်ကျောင်းများ ပေါ်ပေါက်ရေး တို့ဖြစ်သည်။
ယခုအခါတွင် အမှတ် (၁) ရည်မှန်းချက်ဖြစ်သော ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းများ ပေါ်ပေါက်ရေး အကောင်အထည်ဖော်ရာ၌ ပထမတန်း (Grade 1) မှ စတုတ္ထတန်း (Grade 5) အထိ အကောင်အထည် ပေါ်လာပြီး နောင်အတန်းများအတွက် ဆက်လက်ရေးသားနေဆဲ ဖြစ်သည်။ တစ်ဖက်တွင် သင်ရိုးညွှန်း တမ်းများ ဆက်လက်ရေးဆွဲနေကြသကဲ့သို့ ရေးသားပြီးဖြစ်သော မူလတန်းအဆင့် သင်ရိုးများကို ကြိုတင် အသုံးပြုသင်ကြားရန် စီစဉ်ထားကြသည်။ သို့အတွက်ကြောင့် အမှတ် (၂) နှင့် အမှတ် (၃) ရည်မှန်း ချက်များ ဆက်လက်အကောင်အထည်ပေါ်လာရေးအတွက် ဆရာဖြစ်သင်တန်းများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားကြမည် ဖြစ်ပါသည်။
ထိုဆရာဖြစ်သင်တန်းဆင်း ဆရာများမှတစ်ဆင့် ဆင့်ပွားသင်တန်းများ ကျင်းပကာ မြန်မာနိုင်ငံ အနှံ့အပြားတွင် Dhamma School များ တည်ထောင်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ပေးသွားကြပါမည်။ သို့ အတွက်ကြောင့် ဗဟိုအဆင့် ဆရာဖြစ်သင်တန်းများ၊ ထိုသင်တန်းဆင်း ဆရာများမှတစ်ဆင့် ဆင့်ပွားဆရာ ဖြစ်သင်တန်းများ အသီးသီး စဉ်ဆက်မပြတ် စီစဉ်ကျင်းပရန် စီစဉ်ထားကြပါသည်။
၂။ ၂ဝ၁၃ ခုနှစ် စီမံကိန်းနှင့် အနာဂတ်မျှော်မှန်းချက်
ဓမ္မစကူးလ်ဖောင်ဒေးရှင်းသည် ၂ဝ၁၃ ခုနှစ်တွင် ဗဟိုအဆင့် ဆရာဖြစ်သင်တန်း (၁ဝ)ကြိမ်၊ ဆင့်ပွားဆရာ ဖြစ်သင်တန်း (၁၂)ကြိမ် စီစဉ်ဆောင်ရွက်သွားကြပါမည်။ ဆရာဖြစ်သင်တန်းတစ်ကြိမ်လျှင် တနင်္ဂနွေနေ့ တိုင်း စနစ်တကျ ဖွင့်လှစ်သင်ကြားပေးနိုင်မည့် ဓမ္မစကူးလ်ကျောင်းတော်ဌာနပေါင်း (၁၂)ခုနှင့် ခေတ်မီ သင်ကြားရေးနည်းစနစ်များ ကျွမ်းကျင်သော ဆရာ၊ ဆရာမပေါင်း (၆ဝ)ဦး ပေါ်ပေါက်လာမည် ဖြစ်သည်။ သို့ဖြစ်၍ ၂ဝ၁၃ ခုနှစ်ကုန်သည်နှင့်တစ်ပြိုင်နက် မြန်မာနိုင်ငံအနှံ့အပြားတွင် ဓမ္မစကူးလ်ကျောင်းတော်ပေါင်း (၂၆၄)ခု ပေါ်ပေါက်လာမည်ဖြစ်သကဲ့သို့ ကျွမ်းကျင်ဆရာ၊ ဆရာမပေါင်း (၁၃၂ဝ)ဦးလည်း ပေါ်ထွက်လာ နိုင်မည် ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် စီမံကိန်းအတိုင်း နောင် (၅) နှစ်ကို မျှော်မှန်းကြည့်ပါက မြန်မာနိုင်ငံအနှံ့ အပြားတွင် တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာသင်ခန်းစာများကို စနစ်တကျ သင်ကြားပေးနေသော ဓမ္မစကူးလ် ကျောင်းတော်များ (၁၃၂ဝ)ခုအထိ ရှိလာမည်ဖြစ်သည်။ ထို့အပြင် သင်ကြားရေးနစ်စနစ်များ ကျွမ်းကျင် သော ဆရာ၊ ဆရာမပေါင်း (၆၆ဝဝ)ဦးအထိ ပေါ်ပေါက်လာနိုင်ပါသည်။
၂။ သင်တန်းများ၏ ရည်ရွယ်ချက်
ခေတ်မီပြီး စနစ်ကျသော ရေရှည်တည်တံ့မည့် ဓမ္မစကူးလ်ကျောင်းတော်များ ပေါ်ပေါက်လာရေး အတွက် ဆရာဖြစ်သင်တန်းများ အဆင့်ဆင့် စီစဉ်ကျင်းပပေးခြင်းသည် အလွန်အရေးကြီးပါသည်။ ပြောင်း လဲလာသော ခေတ်ကာလအခြေအနေအရ ဘာသာရေးကို ဝတ်ပြုကိုးကွယ်သည့်အဆင့်မျှ သဘောထား ရုံဖြင့် မလုံလောက်တော့ပါ။ ဘာသာရေးကို ပညာရေးအသွင် သဘောထားနိုင်အောင် လမ်းညွှန်သင်ကြား ပေးပါမှ မျိုးဆက်သစ် ဗုဒ္ဓဘာသာလူငယ်များအတွက် စိတ်ဝင်စားဖွယ်ပညာရေးတစ်ရပ်အနေဖြင့် သဘော ထားလာနိုင်မည် ဖြစ်သည်။ ဗုဒ္ဓဘာသာကို ပညာရေးအသွင် သင်ကြားပေးနိုင်ဖို့အတွက် ခေတ်မီပညာရေး စနစ်ကို ကျွမ်းကျင်သော ဆရာကြီး၊ ဆရာမကြီးများ၏ လမ်းညွှန်မှုကို ရယူရန် လိုအပ်ပါသည်။ ဆရာဖြစ် သင်တန်းများ ကျင်းပပေးခြင်းမှာလည်း ထိုဆရာကြီး၊ ဆရာမကြီးများ၏ လမ်းညွှန်သင်ပြမှုကို ရယူစေလိုခြင်း ကြောင့် ဖြစ်ပါသည်။
“ရေရှည်တည်တံ့ပြီး ကလေးဗဟိုပြု သင်ကြားရေးနည်းစနစ်များကို အသုံးပြုပြီး ဗုဒ္ဓဘာသာကို စနစ် တကျ သင်ကြားပေးနိုင်သော ဓမ္မစကူးလ်ကျောင်းတော်များ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လာစေ ရန်”ဟူသော ရည်ရွယ်ချက်ဖြင့် ဗဟိုအဆင့်ဆရာဖြစ်သင်တန်း၊ ဆင့်ပွားဆရာဖြစ်သင်တန်းများကို စဉ်ဆက် မပြတ် ကျင်းပပြုလုပ်သွားရမည် ဖြစ်သည်။
၃။ ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်း
၃။ (က) ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်များ
၁။ ဗုဒ္ဓသာသနာဖြစ်ထွန်းပေါ်ပေါက် ပြန့်ပွားလာခြင်းနှင့် စပ်လျဉ်းသည့် ဗုဒ္ဓဝင်၊ သာသနာဝင်၊ သမိုင်းဝင် အဖြစ်အပျက်များ၊ ပုဂ္ဂိုလ်ထူးများအကြောင်းကို သိရှိပြီး ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို ပိုမိုသက်ဝင်ယုံကြည် လေးစားကြည်ညိုလာစေရန်။
၂။ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်အလုပ်ဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာအလုပ်များကို စနစ်တကျနှင့် မှန်ကန်စွာ ကျင့်ကြံအားထုတ်လုပ်ဆောင်တတ်လာစေရန်။
၃။ ဗုဒ္ဓ၏အဆုံးအမများကို မှန်ကန်စွာ နားလည်လက်ခံကျင့်သုံးပြီး လူ့အဖွဲ့အစည်းအတွင်း တန်ဖိုးရှိသော လူသားတစ်ဦးအဖြစ် နေထိုင်တတ်စေရန်။
၎။ မြန်မာနိုင်ငံအတွင်းရှိ ထင်ရှားသော ဘုရားပုထိုးများ၊ ဗုဒ္ဓဘာသာပွဲလမ်းသဘင်များ၊ နေ့ထူးနေ့မြတ် များနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအကြောင်းကို သိရှိပြီး ထေရဝါဒဗုဒ္ဓဘာသာ အဓွန့်ရှည်တည်တံ့ ရေး၊ ပြန့်ပွားရေးတို့အတွက် ပါဝင်ကူညီဆောင်ရွက်လာစေရန်။
၃။ (ခ) ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်း၏ အခြေခံမူများ
၁။ ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ သက်ဝင်ယုံကြည်မှု၊ အတွေးအခေါ် အယူအဆများ၊ အဆုံးအမများနှင့် မြန်မာယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို အခြေခံထားသည်။
၂။ ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်အားထားရာ ဘာသာရေးသက်သက်မဟုတ်ဘဲ နေ့စဉ်လူမှုဘဝတွင် တန်ဖိုးရှိသော လူသားတစ်ဦးအတွက် “ဘဝနေနည်းလမ်းညွှန်”အဖြစ်ကိုပါ အခြေခံ ထားသည်။
၃။ အသိပညာပေးသက်သက်၊ ဗဟုသုတရရှိရုံသက်သက်မဟုတ်ဘဲ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး၏ အပြုအမူ၊ အလေ့အထနှင့် ကျွမ်းကျင်မှုများဖြစ်ထွန်းရေးအတွက် ရည်ရွယ်ထားသည်။
၎။ သင်ရိုးဝင်အကြောင်းအရာများကို လွယ်ရာမှ ခက်ရာသို့၊ ရိုးရှင်းရာမှ ရှုပ်ထွေးနက်နဲရာသို့၊ ဒြပ်ရှိအသိမှ ဒြပ်မဲ့အသိသို့ အဆင့်ဆင့်ချဲ့ထွင် သင်ယူနိုင်ရန် အထောက်အကူပြုသည့် ခရုပတ်နည်း (spiral method) ဖြင့် ဖွဲ့စည်းထားသည်။
၅။ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်တွင် အပြန်အလှန်ပြောဆို ဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်လုပ်ဆောင် ခြင်းစသော တက်ကြွစွာ သင်ယူသည့်နည်းများကို အသုံးပြုသည့် ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် စီစဉ် ထားသည်။
၎။ ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်း အကောင်အထည်ဖော်ရေးဗျူဟာ
၁။ ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းကို လက်တွေ့အသုံးချ သင်ယူပြီး ဓမ္မစကူးလ်များ မြန်မာနိုင်ငံအနှံ့ အပြား တွင် အကောင်အထည်ပေါ်လာရေးအတွက် ဓမ္မစကူးလ်ကွန်ရက်ကို တည်ထောင်ပြီး ဘုန်းတော်ကြီး ကျောင်းများ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များဖြင့် စတင်အကောင်အထည်ဖော်မည်။ ရှေးဦးစွာ မူလတန်းအဆင့် (ပထမတန်းမှ စတုတ္ထတန်း)အတွက် သင်ရိုးညွှန်းတမ်းများမှ စတင်အကောင်အထည်ဖော်ပါမည်။ ထိုအတွေ့အကြုံများမှတစ်ဆင့် ဓမ္မစကူးလ်များ တဖြည်းဖြည်း တိုးချဲ့သွားရန် ဖြစ်သည်။ အလားတူပင် မူလတန်းအဆင့်ပြီးသည့်အခါ အလယ်တန်းအဆင့်၊ ထို့နောက် အထက်တန်းအဆင့်အားဖြင့် တစ်ဆင့်ပြီး တစ်ဆင့် အတန်းများနှင့် ဓမ္မစကူးလ်ဖွင့်သည့်ဌာနများကို တိုးချဲ့ဆောင်ရွက်သွားကြရမည်။ တစ်နည်းအား ဖြင့် လွှမ်းခြုံမှုတိုးချဲ့ခြင်း (Expansion) နှင့် အတန်းအဆင့်တိုးခြင်း (Extension)တို့ကို တစ်ပြိုင်နက်တည်း ပြုလုပ်သွားကြရန် ဖြစ်သည်။
၂။ အထက်ပါ အစီအစဉ်ကို အောင်မြင်အောင် နှစ်စဉ်ဆက်တိုက် ဆောင်ရွက်နိုင်ရေးအတွက် ဆရာဖြစ် သင်တန်းများ ကျင်းပပြီး စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို လေ့ကျင့်ပျိုးထောင်ရန် လိုအပ်သည်ဖြစ်ရာ အောက်ပါ အစီအစဉ်များဖြင့် လေ့ကျင့်ပျိုးထောင်မည်ဖြစ်သည်။
(က) ဗဟိုအဆင့် ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်း ကျွမ်းကျင်သူများ (Dhamma School Resource Team) ကို သင်ရိုးညွှန်းတမ်းပြုစုရေး ဦးဆောင်ဆရာတော်များ၊ သီလရှင်များ၊ ဆရာကြီး၊ ဆရာမကြီးများ၊ ကြီးကြပ် သူများနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်ဖြစ်သည်။
မှတ်ချက်။ ။ အဆိုပါအဖွဲ့ကို ပထမအကြိမ်၊ ဗဟိုအဆင့် ဆရာဖြစ်သင်တန်းအပြီးတွင် မူလသင်ရိုး ညွှန်းတမ်းဖြစ်မြောက်ရေး အလုပ်အမှုဆောင်အဖွဲ့ကို အခြေခံပြီး သင်တန်းဆင်းပုဂ္ဂိုလ်များနှင့် အခြားသင့် လျော်သောပုဂ္ဂိုလ်များ ပါဝင်စေလျက် ရွေးချယ်ဖွဲ့စည်းရန် ဖြစ်သည်။
(ခ) ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်း အကောင်အထည်ဖော်ရေးအတွက် ပါဝင်လုပ်ဆောင်ရန် သဘောတူထား သော ကွန်ရက်အတွင်းမှ ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ၏ အရေအတွက်ပေါ် မူတည်၍ နယ်မြေအလိုက် သင်တန်းနည်းပြများကို ရွေးချယ်သင်တန်းပေးရာတွင် အကြမ်းဖျဉ်းအားဖြင့် နည်းပြ (၅) ဦးစီ ရွေးချယ်ပြီး သင်တန်းပေးပါမည်။ နယ်မြေအလိုက် ရွေးချယ်ထားသော နည်းပြများကို ဗဟိုအဆင့် ကျွမ်းကျင်သူများအဖွဲ့ (Resource Team) က နည်းပြသင်တန်းပေးရန်ဖြစ်သည်။ နည်းပြအဖြစ် လာရောက်သူများမှာလည်း အမှန်တကယ် သင်ကြား မည့် ဆရာ၊ ဆရာမများဖြစ်ရန် အရေးကြီးသည်။
(ဂ) ဗဟိုအဆင့်တွင် နည်းပြသင်တန်းတက်ရောက်ခဲ့ပြီးသူများက သက်ဆိုင်ရာ ဒေသနယ်မြေအတွင်းမှ ဓမ္မစကူးလ်တွင် ဆရာ၊ ဆရာမများအဖြစ်ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များအား သင်တန်းပြန်လည်ပို့ချပေးရန် ဖြစ်သည်။ အဆိုပါ သင်တန်းများကို အရည်အသွေးပြည့်မီစေရေးအတွက် ဗဟိုကျွမ်းကျင်အဖွဲ့က သွားရောက်ကြီးကြပ်ပံ့ပိုးကြရမည်။
(ဃ) သင်တန်းအဆင့်ဆင့်ပြုလုပ်စဉ်အတွင်း အစီအစဉ်တိုးချဲ့သည့်အခါ အထောက်အကူဖြစ်စေရန် အလားအလာရှိသော ဆရာ၊ ဆရာမများကို သတ်မှတ်ဖော်ထုတ်ပြီး နည်းပြလောင်းများအဖြစ် လျာထားနိုင် သည်။
(င) ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းများကို အသုံးပြုပြီး ဓမ္မစကူးလ်များ အကောင်အထည်ဖော်စဉ်အတွင်း အမှန်တကယ်သင်ကြားနေသူ ဆရာ၊ ဆရာမများ၊ နည်းပြများ၊ သင်ရိုးပြုစုသူများ၊ ကြီးကြပ်သူများ (အားလုံး မဟုတ်။ ရွေးထားသူအချို့သာ) နှင့် ပြန်လည်သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲကို နှစ်လယ်တွင် တစ်ကြိမ်၊ နှစ်ဆုံး တွင် တစ်ကြိမ် ပြုလုပ်ရန်ဖြစ်သည်။
၃။ ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းများကို အသုံးပြုပြီး ဓမ္မစကူးလ်များ အကောင်အထည်ဖော်မှု အခြေအနေကို မိဘများနှင့် ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လူထုဆက်သွယ်ရေးနည်းလမ်းများ အသုံး ပြုပြီး သတင်းပြန့်စေရန် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ စာနယ်ဇင်းများကို အသိပေးပြီး ဆက်သွယ် ဆောင်ရွက်ခြင်း၊ ကွန်ရက်တွင်ပါဝင်သည့် ဘုန်းတော်ကြီးကျောင်းများ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များမှ တစ်ဆင့် အသိပေးဆောင်ရွက်ခြင်းစသည်တို့ ပြုလုပ်နိုင်ပါသည်။
၎။ ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းများကို အသုံးပြုပြီး ဓမ္မစကူးလ်များ အကောင်အထည်ဖော်စဉ်အတွင်း အလယ်တန်းဆင့်၊ အထက်တန်းဆင့် တစ်ဆင့်ချင်းစီအတွက် ဆရာလမ်းညွှန်စာအုပ်များနှင့် ကျောင်းသား ကိုင်စာအုပ်များကို ဆက်လက်ပြုစုမည်ဖြစ်သည်။
၅။ လေ့လာကြီးကြပ်ခြင်း
ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းများကို အသုံးပြုပြီး ဓမ္မစကူးလ်များ အကောင်အထည်ဖော်မှုအခြေ အနေကို ပုံမှန်လေ့လာကြီးကြပ်နိုင်ရန်အတွက် ဗဟိုအဆင့်ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရန် ဖြစ်သကဲ့သို့ သက်ဆိုင်ရာနယ်မြေ၊ ဒေသအလိုက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် ဖြစ်သည်။ လေ့လာကြီးကြပ်ရာတွင် အပိုင်းနှစ်ပိုင်းပါဝင်မည် ဖြစ်သည်။
(က) လုပ်ငန်းအကောင်အထည်ဖော်မှုအခြေအနေကို ကြီးကြပ်ခြင်း
(ခ) သင်ရိုးညွှန်းတမ်းနှင့် သင်ကြားနည်းပညာအပိုင်းကို လေ့လာကြီးကြပ်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ လေ့လာကြီးကြပ်ရေးအဖွဲ့များတွင် ဦးဆောင်ဆရာတော်များအပြင် ဗဟိုအဆင့် ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်း ကျွမ်းကျင်သူများ (Dhamma School Resource Team) မှ ကျွမ်းကျင်သူ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများလည်း ပါဝင်သင့်ပါသည်။ ကြီးကြပ်သူများအနေဖြင့် ကွင်းဆင်းလေ့လာ မှုများ ပြုလုပ်ရန်လိုအပ်ပြီး၊ ကွင်းဆင်းသည့်အခါ အသုံးပြုရန် စစ်ဆေးချက်စာရင်း (Check List) ကို ပြုစု အသုံးပြုရန် ဖြစ်သည်။ လေ့လာကြီးကြပ်မှု ရလဒ်များကို စုစည်းပြီး နှစ်လယ်နှင့် နှစ်ဆုံးသုံးသပ်ညှိနှိုင်း အစည်းအဝေးများတွင် တင်ပြဆွေးနွေးကာ ပိုမိုကောင်းမွန်ရေး အကြံပြုဆွေးနွေးသွားရန်ဖြစ်သည်။
၆။ ခန့်မှန်းကုန်ကျစရိတ်
(က) သင်ရိုးညွှန်းတမ်းများ ဆက်လက်ရေးဆွဲရေး
သင်ရိုးညွှန်းတမ်းများ စတင်ရေးဆွဲသည့် ကာလမှ စတင်ပြီး ဒေါက်တာခင်ခင်ရီ (ရှိုင်းဟုပ်ကုမ္ပဏီ)က အဓိက မ တည်လှူဒါန်းခဲ့သည့် အလှူငွေများ (တစ်ရာ့ငါးဆယ်သိန်း လေးသောင်း နှစ်ထောင့်ခြောက်ရာကျပ်)ဖြင့် လိုအပ်သော ရုံးအထောက်အကူပြုပစ္စည်းများ၊ အစည်းအဝေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ရိုးရေးဆွဲရေး ဆရာ,ဆရာမများအတွက် ဉာဏ်ပူဇော်ခများ၊ ခရီးစရိတ်များ စသည်တို့ကို လည်ပတ်နိုင်ခဲ့သည်။ သို့သော်လည်း ၂ဝ၁၂ ခုနှစ်၊ တစ်နှစ်တာ အသုံးစရိတ်များအတွက် အခြားပြင်ပအလှူရှင်များ လှူဒါန်းထားသော အလှူငွေများကိုလည်း အသုံးပြုထားရပါသည်။
ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ လုပ်ငန်းများမှာ ၂ဝ၁၃ ခုနှစ်တွင် ပိုမိုကျယ်ပြန့်လာပါသည်။ သို့အတွက်ကြောင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ ရုံးအသုံးစရိတ်များနှင့်သင်ရိုးရေးဆွဲရေး ကုန်ကျစရိတ်များကို ၃၉၈ဝဝဝဝဝ (သုံးရာကိုးဆယ့်ရှစ်သိန်း)ကျပ်ခန့်ရှိမည်ဟု ခန့်မှန်းထားပါသည်။
(ခ) သင်ရိုးညွှန်းတမ်းစာအုပ်များ ရိုက်နှိပ်ဖြန့်ဝေခြင်း
သင်ရိုးညွှန်းတမ်းစာအုပ်များကို အတန်းစုံ ရေးဆွဲဖြန့်ဝေပေးနိုင်ရန် စီစဉ်ထားသည်။ ယခုအချိန်တွင် ပထမ တန်းမှ ပဉ္စမတန်းအထိ ကျောင်းသားကိုင်စာအုပ်၊ ဆရာကိုင်စာအုပ်များကို ဖွင့်လှစ်မည့်ကျောင်းများအပေါ် မူတည်၍ ရိုက်နှိပ်ဖြန့်ဝေရန် ရှိပါသည်။ သင်ရိုးညွှန်းတမ်းစာအုပ်များကို ရိုက်နှိပ်ရာတွင် ထုတ်ဝေမည့် စာအုပ်အရေအတွက်၊ အကြိမ်အရေအတွက်အရ ပေါ်ပေါက်လာသော ကုန်ကျစရိတ်များကို ဆက်လက် တင်ပြပေးသွားပါမည်။
(ဂ) ဗဟိုအဆင့် ဆရာဖြစ်သင်တန်းတစ်ကြိမ်အတွက် ခန့်မှန်းကုန်ကျစရိတ်
- စားစရိတ်
- သင်တန်းကာလ ၇ ရက် x နည်းပြ ၁ဝ ဦး x ၉၅ဝဝ ကျပ် = ၆၆၅ဝဝဝိ/
- ခရီးစရိတ်
- အထောက်အကူပြု ပစ္စည်းများ
ခန့်မှန်း ၂ဝဝဝဝဝ ကျပ်
- အခြား
v ဗဟိုအဆင့် ဆရာဖြစ်သင်တန်းတစ်ကြိမ်အတွက် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ၅၉၉၅ဝဝဝ (ငါးဆယ့် ကိုးသိန်းကိုးသောင်းငါးထောင်)ကျပ် ကုန်ကျနိုင်ပါသည်။ ထိုကဲ့သို့သော ဗဟိုအဆင့်သင်တန်းပေါင်း (၁)နှစ်လျှင် (၁ဝ)ကြိမ်ခန့် ကျင်းပပြုလုပ်သွားပါမည်။
(ဃ) ဆင့်ပွားသင်တန်းများ
ဗဟိုအဆင့် ဆရာဖြစ်သင်တန်းများအပြင် ဒေသအလိုက် ဆင့်ပွားသင်တန်းများကိုလည်း (၁)နှစ်လျှင် အနည်းဆုံး (၁၂)ကြိမ်ခန့် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားပါသည်။ ဆင့်ပွားသင်တန်းများကို စီစဉ်ကျင်းပ ရာတွင် ဒေသခံများ၏ ကူညီပံ့ပိုးမှုများ ပါဝင်လာနိုင်သည်ဖြစ်၍ (၁)ကြိမ်လျှင် စုစုပေါင်း (၂ဝ) သိန်းခန့် ကုန်ကျနိုင်ပါသည်။
၇။ နိဂုံး
ဓမ္မစကူးလ်ဖောင်ဒေးရှင်းသည် ကျောင်းသားဗဟိုပြုသင်ကြားနည်းများကို အသုံးပြုပြီး ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားနိုင်မည့် ဓမ္မ စကူးလ်ကျောင်းတော်များ ပေါ်ပေါက်ရေးအတွက် ရည်ရွယ်ပြီး လုပ်ငန်းတာဝန်များကို အဆင့်ဆင့် လုပ်ကိုင် ခဲ့ရာ မျှော်လင့်ထားသည့်အတိုင်း ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။
လာမည့် ၂ဝ၁၃ ခုနှစ် စီမံကိန်းများကို အပြီးသတ်လုပ်ဆောင်ပြီးပါက တနင်္ဂနွေနေ့တိုင်း စနစ်တကျ ဖွင့်လှစ် သင်ကြားနိုင်မည့် ဓမ္မစကူးလ်ကျောင်းတော်ပေါင်း (၂၆၄)ခုအထိ ဖွင့်လှစ်သင်ကြားသွားနိုင်မည် ဖြစ်သည်။ အဆိုပါ ဓမ္မစကူးလ်ကျောင်းတော်များတွင်လည်း ခေတ်မီသင်ကြားရေးနည်းစနစ်များကို ကျွမ်းကျင်တတ် မြောက်ထားသော ဆရာ၊ ဆရာမပေါင်း (၁၃၂ဝ)ဦးတို့က အသီးသီး တာဝန်ယူဖွင့်လှစ်သင်ကြားနေမည် ဖြစ်ပါသည်။
၂ဝ၁၃ ခုနှစ် စီမံကိန်း နှုန်းအတိုင်း နောင်နှစ်များတွင် ဆက်လက်လုပ်ဆောင်နိုင်ကြမည်ဆိုပါက လာမည့် (၅) နှစ်အတွင်း တနင်္ဂနွေ ဓမ္မစကူးလ်ကျောင်းတော်ပေါင်း (၁၃၂ဝ)ခုအထိ တိုးတက်ပြန့်ပွားလာနိုင်မည် ဖြစ်သည်။ ထို့အပြင် သင်ကြားရေးနစ်စနစ်များ ကျွမ်းကျင်သော ဆရာ၊ ဆရာမပေါင်း (၆၆ဝဝ)ဦးအထိ ပေါ်ပေါက်လာနိုင်ပါသည်။ သို့ဖြစ်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းသည် ၂ဝ၁၃ ခုနှစ် စီမံချက်များ အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးကို မူလအနေဖြင့် ဦးတည်ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်သည်။
ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်သွားမည် ဆိုပါက မဝေးတော့သော အနာဂတ်တွင် မြန်မာတစ်နိုင်ငံလုံး တနင်္ဂနွေ ဓမ္မစကူးလ်ကျောင်းတော်များဖြင့် လွှမ်းခြုံနေပါလိမ့်မည်။
0 comments:
Post a Comment