ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ

Monday, September 7, 2015

ဝါခေါင်လနှင့် စာရေးတံမဲပွဲ

ဝါခေါင်လနှင့် စာရေးတံမဲပွဲ

       မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ သာသနာ ရောက်ရှိထွန်းကားချိန်မှစ၍ သာသနာကို ကြည်ညိုလေးစားကြသော ရှေးမြန်မာမင်းများနှင့် ပြည်သူတို့သည် ဤစာရေးတံမဲ ဆွမ်းအလှူပွဲကို မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ ရာသီပွဲတော်အဖြစ် ၀ါခေါင်လ၌ တခမ်းတနား ကျင်းပခဲ့ကြသည်။

ထိုစာရေးတံမဲ ဆွမ်းအလှူပွဲသည် မြတ်စွာဘုရားရှင် လက်ထက်တော်ကပင် စတင်ပေါ်ပေါက်ခဲ့သော ပွဲတော်ဖြစ်သည်။ အခါတပါး၌ ဘုရားရှင်သည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မှု၏။ ထိုအချိန်တွင် ရာဇဂြိုလ်ပြည်၌ ငတ်မွတ်ခေါင်းပါးသောဘေးကြီး ကျရောက်လေရာ ဒါယကာ/ဒါယိကာမများသည် ယခင်ကလို ဝေဠုဝန်တစ်ကျောင်း လုံးရှိ သံဃာတော်များကို တစ်ဦးတည်း ဆွမ်းလှူဒါန်းရန် မတတ်နိုင်ကြတော့ချေ။

ထို့ကြောင့် ဒါယကာများသည် တစ်ပါးနှစ်ပါးစသည့် ရွေးချယ် ပင့်ဖိတ်လှူလိုခြင်း၊ စာရေးတံမဲချ၍ လှူလို ခြင်း၊ ဥပုသ်နေ့များ၌ သီလဆောက်တည်ပြီး မိမိတို့တွင်ပါသော ဆွမ်းကို သံဃာအချို့အား လှူလိုခြင်း၊ ဆွမ်းရှားပါးသော ဥပုသ်အထွက် ၁-ရက်နေ့၌ ဆွမ်းလှူလိုခြင်း စသည်ဖြင့်အမျိုးမျိုး အယူအဆ ကွဲပြားကြကုန်၏။

ထိုအကြောင်းကို ဒါယကာများက ဘုရားရှင်အား လျှောက်ထားကြရာ ဘုရားရှင်သည် သံဃာအားလုံးကို လှူသော သံဃာ့ဘတ်၊ တစ်ပါးနှစ်ပါးစသည့် ရည်ညွှန်း၍ လှူဒါန်းသော ဥဒ္ဒေသဘတ်၊ ကြိုတင်ပင့်ဖိတ် လှူဒါန်းသော နိမန္တနဘတ်၊ စာရေးတံမဲချ၍လှူသော သလာကဘတ်၊ လဆန်းပက္ခ၌လှူသော ပက္ခိကဘတ်၊ ဥပုသ်အထွက်နေ့၌လှူသော ပါဋိပဒိကဘတ်တို့ကို လှူဒါန်းနိုင်ကြောင်း ခွင့်ပြုတော်မှုလေ သည်။ ထိုအချိန်မှစ၍ စာရေးတံမဲချ၍ လှူဒါန်းသော သလာကဘတ်ခေါ် စာရေးတံမဲပွဲတော်သည်လည်း စတင်ပေါ်ပေါက်လာခဲ့လေသည်။

ဘုရားရှင်လက်ထက် စာရေးတံမဲပွဲကျင်းပပုံမှာ သစ်သားဖြင့်ပြုလုပ်သော တုတ်တံကလေးများပေါ်၌ဖြစ်စေ၊ ၀ါးခြမ်းပြား၊ နှီးပြားပေါ်၌ဖြစ်စေ ထန်းရွက် ပေရွက်ပေါ်၌ဖြစ်စေ ဒါယကာ၏အမည်ကို ဆွမ်းညွှန် ရဟန်းကရေးသား၍ တောင်း၌ သော်လည်းကောင်း သင်္ကန်းလိပ်၌သော်လည်းကောင်း ထည့်မွှေပြီး မထေရ်ကြီးမှစ၍ ၀ါတော်စဉ်အလိုက် မဲနှိုက်ကြရသည်။

သံဃာတော်များသည် မိမိတို့ မဲကျရာဒါယကာတို့၏ အိမ်သို့ဆွမ်းဘုဉ်းပေးကြွရသည်။ ယခုခေတ် စာရေး တံမဲပွဲကျင်းပပုံမှာ ဦးဆောင်ဒါယကာများသည် မိမိတို့ မြို့ရွာ ရပ်ကွက်အတွင်းရှိ သံဃာတော်များ၏ ဘွဲ့အမည်များနှင့် ကျောင်းတိုက် အမည်များကို စာရင်းကောက်ယူရသည်။ ထို့နောက် စက္ကူပေါ်တွင် သံဃာတော်များ၏ ဘွဲ့အသီးသီးကိုရေးပြီး မဲလိပ်လိပ်၍ ငွေဖလားထဲတွင် ထည့်ထားကြသည်။

ဒါယကာ ဒါယိကာမ ပရိသတ်စုံသည့်အခါ ဒါယကာ၏အမည်ကို စာရင်းအစဉ်လိုက်ခေါ်၍ စာရေးတံမဲ နှိုက်ယူစေသည်။ ဒါယကာများသည် မိမိတို့မဲတွင်ပါသော သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းကြလေသည်။ မည့်သည့်ပုဂ္ဂိုလ် ရဟန်းသံဃာကိုရည်၍ လှူဒါန်းကြရသော သံဃိကဒါန မြောက်သော ဤစာရေးတံမဲပွဲတော်သည် ဗုဒ္ဓဘာသာ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုပွဲတော်တစ်ရပ် အဖြစ် ဆက်လက်တည်ရှိနေသည်မှာ အားရကြည်နှုးဖွယ် ကောင်းလှပါသည်။ ရှေးမြန်မာ ဗုဒ္ဓဘာသာဝင်တို့သည် ဤစာရေးတံမဲပွဲကို ၀ါခေါင်လ၌ ကျင်းပပြုလုပ်လေ့ ရှိကြပါသည်။

လူမုန်း (ဓမ္မရောင်စဉ်)

နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review