ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ
Monday, June 20, 2016
နယုန်လပြည့် - မဟာသမယအခါတော်နေ့
💥“နယုန်လပြည့် - မဟာသမယအခါတော်နေ့”💥
•••••••••••••••••••••••••••••••••••••••••••••••••••
ယနေ့သည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏
အလေးအမြတ်ထားသော နယုန်လပြည့်နေ့ ဖြစ်ပေသည်။
နယုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓသည် များပြားလှစွာသော
နတ်ဗြဟ္မာပေါင်းတို့ကို မဟာသမယသုတ္တန် တရားတော်ကို
ဟောကြားတော်မူခဲ့ပါသည်။ ဤနေရာတွင် မဟာသမယ၏
အဓိပ္ပာယ်ကို ရှာဖွေရသော် “မဟာ”ဟူသည် ကြီးကျယ်
မြင့်မြတ်ခြင်းဟုအဓိပ္ပာယ်ရ၍ “သမယ” သည်ကား
အချိန်-အခါ-ကာလဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။
မဟာသမယသုတ်တော် ဟောကြားတော်မူရခြင်း၏
သမိုင်းကြောင်းကို ပြန်လိုက်ရသော် မြတ်ဗုဒ္ဓသည်
ဘုရားဖြစ်တော်မူပြီး စတုတ္ထ ၀ါတော်ကပ်စဉ် ကာလတွင်
ဖြစ်ပေသည်။ မဇ္ဈိမဒေသ ကပိလဝတ် နှင့် ကောလိယ
နှစ်ပြည်ထောင်ကြားတွင် ရောဟိဏီဟု အမည်ရှိသော
မြစ်ကလေး တစ်စင်း ရှိပေသည်။ မိုးတွင်းနှင့် ဆောင်းတွင်း
အခါသမယတွင်ကား ထိုမြစ်ကလေးအတွင်းဝယ်
ရေအလုံအလောက် စီးဆင်းနေသည့်အခါ နှစ်ပြည်ထောင်မှ
တောင်သူတို့သည် သူတို့၏ လယ်မြေတွေအတွက် ရေကို
သုံးရန်လုံလောက်ပေသည်။ ယခုကဲ့သို့သော မိုးခေါင်လှသော
နယုန်လတွင်ကား ရောဟိဏီမြစ်မှ ရေစီးဆင်းနေသော
ရေသည် နှစ်ပြည်ထောင် တောင်သူတို့အတွက် မလုံ
လောက်တော့ပေ။
သို့ဖြစ်သဖြင့် ထိုရေကို သူ ရသင့်သည်။
ငါရ သင့်သည်ဟုငြင်းခုန်ကြသည်။ ထိုမျှမက
တစ်ဖက်နှင့်တစ်ဖက် ငယ်ကျိုး ငယ်နာတွေလည်း
အပြန်ပြန် အလှန်လှန် ဖော်ကြလေသည်။
❦ကောလိယပြည်ဘက်မှ လယ်သမားများက
“နင်တို့က ခွေးတွေလို မောင်နှမချင်း အိမ်ထောင်ပြုတဲ့
အမျိုးတွေ၊”ဟု စတင်ပြောလေသည်။
❦တစ်ဘက်
(ကပိလ၀တ်) ကလည်း “နင်တို့က အနူမျိုးတွေ”
“အေး အနူမျိုးအကြောင်းသိစေရမယ်” စသည်ဖြင့်
အခြေအတင်ဖြစ်ရာမှ အထက်လူကြီးများ၊ နောင်ဆုံး
မင်းစိုးရာဇာများအထိ ပေါက်ကြားသွားရာ စစ်ခင်းကြမည့်
အခြေအနေအထိ ရောက်ရှိသွားလေသည်။
ထိုအကြောင်းကို သိတော်မူသော မြတ်စွာဘုရားရှင်
ကြွရောက်တော်မူလာပြီး “ဓား၊ လှံ၊ ဒူးလေး တွေ
သယ်ဆောင်လာကြတဲ့ ဒကာတို့ သင်တို့ဘာလုပ်ကြ
မလို့လဲ” ဟု မေးတော်မူလေသည်။ ထိုအခါ နှစ်ဘက်
ဆွေတော်မျိုးတော်များက -
“တပည့်တော်တို့ စစ်ခင်းကြမလို့ပါဘုရား။” ဟုလျှောက်
ထားလေသည်။ ဤတွင် ဗုဒ္ဓက“ဘာအတွက်စစ်ခင်း
ကြမှာလဲ”ဟု ဆက်လက်မေးတော်မူလေသည်။
နှစ်ပြည်ထောင်မှ ဆွေမျိုးတို့ကလည်း
“ရေအတွက်ပါဘုရား”ဟု လျှောက်ထားကြလေသည်။
ထိုအခါ ဘုရားရှင်က
“သင်တို့ဟာအဘိုးမတန်တဲ့ ရေအတွက်နဲ့ အဘိုးတန်တဲ့
သင်တို့ အသက်တွေ အဆုံးရှုံးခံတော့မလို့လား”ဟု
မေးမြန်းတော်မူကာ ငြိမ်းချမ်းရေး တရားကို စတင်
ဟောတော်မူပါသည်။ ဒီလိုဟောတဲ့နေရာမှာ မြတ်ဘုရားရှင်က
သာဓကအနေဖြင့်
(၁) ၀က်ဝံနှင့်ရုက္ခစိုး၊ ရန်ငြိုးထားရာက
နှစ်ဦးလုံးပျက်စီးကြရပုံ (ဖန္ဒနဇာတက)
(၂) အကြောက်ကြီးပြီး၊ စဉ်းစားဆင်ခြင်ဝေဖန်မှုမရှိသော
ယုန်တစ်ကောင် စကားကြောင့် ဥသျှစ်သီးကြွေသည်ကို
ကမ္ဘာပြိုသည်ထင်မှတ်ပြီး ပြေးကြသောကြောင့် တိရစ္ဆာန်များ
ဒုက္ခတွေ့ကြရပုံ (ပထ၀ီဣန္ဒြိယဇာတက)
(၃) တစ်ဖက်သားကို အားနည်းတယ်ထင်ပြီး အထင်သေး
အနိုင်ယူလိုပါက လွယ်ကူသည့်ကိစ္စမဟုတ်၍ အထင်မသေး
သင့်ကြောင်းကို အားကြီးသော ဆင်ပြောင်ကြီးကို နှံစုတ်ငှက်မက
အနိုင်ယူနိုင်ခဲ့သည့် သာဓကရှိပုံ။ (လဋုကိကဇာတက)
(၄) သစ်ပင်များ တစုတဝေးတည်း တည်ရှိနေမှုကြောင့်
လေဒဏ်မိုးဒဏ်ကို မပြိုမလဲ ကြံ့ကြံ့ခံနိုင်ပုံ(ရုက္ခမူလဇာတက)
(၅) ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့
ပိုက်ကွန်မှာ ငှက်များအမိခံ ကြရပုံ(၀ဋ္ဋကဇာတက)
(၆) မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်
နိုင်ပုံ(အတ္တဒဏ္ဍသုတ္တ) ဥပမာ (၆) ရပ်ပြပြီး တရားရေအေး
တိုက်ကြွေးကာ စေ့စပ်ရေးတရားဟောကြားခဲ့သည်။
ထိုအခါထိုနှစ်ပြည်ထောင်သားများသည် သူတို့၏ အမှားများကို
သိကာ ငြိမ်းချမ်း ရေးရခဲ့ကြသည်၊ ဤတွင်သာမက နှစ်ပြည်ထောင်မှ
စစ်သည် ၅၀၀ တို့သည် ဘုရားရှင်ရဲ့သာသနာတော်သို့ ဝင်ပြီး
ရဟန်းပြုကြသည်။
အဆိုပါရဟန်းများသည် သာသနာတော်မှာ မပျော်ပိုက်ကြ
သည့်အတွက် မြတ်ဗုဒ္ဓသည် ဟိမဝန္တာတော အတွင်းက
အလွန် မွေ့လျော်ဖွယ်ကောင်းသည့် ကုဏ္ဍလာအိုင်သို့
ခေါ်ဆောင်ကာ ဂါထာသုံးရာတို့ဖြင့်တန်ဆာဆင်အပ်သော
ကုဏ္ဍလငှက်မင်းဇာတ်ကြောင်းကို ဟောကြားတော်မူခဲ့ပါသည်။
ဇာတ်တော် ဆုံးသောအခါ ရဟန်း ၅၀၀-တို့ သောတာပတ္တိဖိုလ်၌
တည်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်
၅၀၀-နဲ့အတူ ကပိလဝတ် ပြည်အနီးရှိ မဟာဝုန်တောသို့
ကြွချီတော်မူခဲ့ပါသည်။
မဟာဝုန်တောတွင် မြတ်ဗုဒ္ဓသည် ထိုရဟန်းတို့အား ကမ္မဋ္ဌာန်းကို
ပေးတော်မူရာ မကြာမီကာလအတွင်းမှာ အရဟတ္တဖိုလ်ကို
ဆိုက်ရောက် တော်မူခဲ့ကြပါသည်။ ထိုရဟန်း၅၀၀တို့သည်
မိမိ တို့ရရှိထားသော တရားထူးကို လျှောက်ထားရန်နှင့် ဘုရား
ရှင်ကို ဖူးမြော်ရန်အတွက် နယုန်လပြည့်ညချမ်း မှာ မြတ်ဗုဒ္ဓ၏
အထံတော်သို့ စုရုံးရောက်ရှိ လာကြပါသည်။ ထိုနေ့ညချမ်း
အချိန်လေးမှာပင် မြတ်ဗုဒ္ဓနှင့် ရဟန္တာ ၅၀၀ တို့ကို တွေ့မြင်
ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ ဗြဟ္မာ၊ အသူရာ၊
ဂဠုန်၊ နဂါးတို့များ မဟာဝုန်တောကို စုရုံးရောက်ရှိလာကြ
ပါတယ်။ ထိုကဲ့သို့ ပရိသတ်တို့ စုဝေးသောအချိန်တွင် မြတ်စွာ
ဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ ဗြဟ္မာတို့၏
အမည်၊ အမျိုးအနွယ်တို့ကို ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများကို
သိစေလိုသည့်အတွက် အမျိုးတူအလိုက်စုပေါင်းကာ-
အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက် စကား
မိန့်ကြားတော်မူပြီးမှသာ မဟာသမယသုတ်တော်ကြီးကို
ဟောကြားတော်မူခြင်းဖြစ်ပါသည်။
မဟာသမယ သုတ်ကို ဒေဝတာပီယ-နတ်တို့ချစ်ခင် မေတ္တာ
ဝင်သောသုတ်ဟူ၍လည်း ပညာရှင်တို့က ခေါ်ဝေါ်ကြသည်။
နတ်၏ ချစ်ခင်မှုကို လိုလားကြသော လာဘ်လာဘပေါများ
လိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်သင့်ပေသည်။
နတ်တို့သည် ဤသုတ်ကို အလွန်ကြားနာလိုကြသည်။ လူတိုင်းသည်
ကိုယ့်နာမည်လေးကို လူတွေရှေ့မှာခေါ်ခြင်း၊ ဖော်ပြခြင်းတို့ကို
ကြိုက်နှစ်သက်ကြလေသည်။ ဘုရားရှင်သည် ရောက်လာကြသော
နတ်ဗြဟ္မာအပေါင်းတို့အား
၁။ ရာဂစရိုက်-အားကြီးသူအတွက်—(သမ္မာပရိဗ္ဗာဇနိယသုတ်)
၂။ ဒေါသစရိုက်-အားကြီးသူအတွက်—(ကလဟဝိဝါဒသုတ်)
၃။ မောဟစရိုက်-အားကြီးသူအတွက်—(မဟာဗျူဟသုတ်)
၎။ ဝိတက်စရိုက်-အားကြီးသူအတွက်—(စူဠဗျူဟသုတ်)
၅။ သဒ္ဓါစရိုက်-အားကြီးသူအတွက်—(တုဝဋကသုတ်)
၆။ ပညာစရိုက်-အားကြီးသူအတွက်—(ပုရာဘေဒသုတ်)
တရားတော် တို့ကို ဟောကြားတော်မူခဲ့ပါသည်။
တရားတော်မြတ်အဆုံးမှာတော့
နတ်၊ဗြဟ္မာပေါင်းများစွာ သောတာပတ္တိဖိုလ်၊
သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ် အရဟတ္တဖိုလ်တို့သို့
အသီးသီးရောက်ရှိ ကြလေသည်။
အချုပ်အားဖြင့်သော်ကား နယုန်လပြည့်နေ့၏
ထူးမြတ်သော ဂုဏ်အင်များကို တွက်စစ်ရသော်
၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့
ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေးခြင်း။
၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်
စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီး၊
ငြိမ်းချမ်းရေးရတဲ့နေ့ဖြစ်ခြင်း။
(၃)။ ရဟန်း ၅၀၀ လုံး ရဟန္တာဖြစ်တော်မူသောနေ့ဖြစ်ခြင်း။
(၄)။ နတ်၊ ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးများ ရဟန်းတော်များ
ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။
(၅)။ မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော
ဂဠုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက်ဝင်သောနေ့ဖြစ်ခြင်း။
(၆)။ မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို
မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
စသည်ဖြင့် ၆ ချက် ပြည့်စုံနေသော ထူးမြတ်သောနေ့
ဖြစ်ပါသည်။ ထို့အပြင် ယနေ့သည်ကား
မြန်မာနိုင်ငံမှတစ်ပါး အခြားဗုဒ္ဓဘာသာတိုင်းပြည်များတွင်
မြတ်ဗုဒ္ဓပွင့်တော်မူသောနေ့ ဟု သတ်မှတ်ကာ
အကြီးအကျယ်ပူဇော်သော နေ့ဖြစ်ပါသည်။
သို့ဖြစ်သဖြင့် ထူးမြတ်မှုအပေါင်းနှင့်ပြည့်စုံသော
နယုန်လပြည့်နေ့တွင် အားလုံးသော ဓမ္မမိတ်ဆွေ
အားလုံးတို့သည် ရတနာသုံးပါးကို အာမိသပူဇာ
(ဆွမ်း၊သင်္ကန်း စသည်ကို လှူခြင်း)၊
ဓမ္မပူဇာ (၀ိပဿနာတရား ပွားများ အားထုတ်ခြင်းဖြင့်
ပူဇော်ခြင်း) တို့ဖြင့် ပူဇော်နိုင်ကြကာ ငြိမ်းချမ်းရေးနေ့တွင်
ငြိမ်းချမ်းမှုအပေါင်းဖြင့် ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေ။။
ကျမ်းညွှန်း – ဒီဃနိကာယ် မဟာဝါပါဠိတော်
စာမျက်နှာ ၂၀၂၊
၎င်းအဋ္ဌကထာ စာမျက်နှာ ၂၆၄၊ ၎င်းဋီကာ ၂၃၁။
တွင် အကျယ်ရှုနိုင်ပါသည်။
လူမုန်း (ဓမ္မ​ရောင်​စဉ်​)
Saturday, June 18, 2016
စံပယ် မြတ်လေး ပျံ့မွှေးသင်းထုံ စာသမကုန် လနယုန်
နယုန်လ သည် မြန်မာလ များတွင် တတိယ လ ဖြစ်၍ နွေဥတု တွင် ပါဝင်သည်။
နွေရာသီ ကုန်ဆုံးရန် တစ်ဆယ့် ငါးရက် မျှသာ ကျန်တော့ သဖြင့် စာဆို ပညာရှင် များက ထိုလကို ''နွေနှောင်းလ၊ နွေစွန်လ'' ဟု စာဖွဲ့လေ့ ရှိကြသည်။
 နွေနှောင်းလ ဖြစ်သည့် အလျောက် ကဆုန်လ တွင် ချစ်ချစ်တောက် ပူပြင်းခဲ့သော နေမင်းသည် ထိုလ တွင် အပူအား လျော့ကာ လျော့ရဲရဲ ဖြစ်လာသည်။ နွေပူရှိန် လျော့ကျ လာလျှင် မိုးလေ က မြူးလာတော့ သည်။
တစ်ခါတစ်ရံ ကောင်းကင် တစ်ခွင်လုံးတွင် မိုးသားများ မည်းမှောင် အုံ့ဆိုင်းပြီး မိုးမာန် ပြင်နေရာ မှ ပြင်းထန် စွာ မိုးသံပေး၍ မိုးသေး မိုးဖွဲ ကလေးများကို ရွာချ တတ်သည်။
''နတ်စည်ငယ် ရွမ်းပါလို့၊ ခြိမ်းမွမ်းငယ် သံစုံ၊ ကမြူးငယ် ခုန်သည်၊ မြူတိမ်လှာ ဆိုင်းပြန်တော့ တယ်လေး'' ဟု မဟာ အတုလ မင်းကြီးက စပ်ဆိုခဲ့သည်။ ကဆုန်လ ၏ အပူရှိန်အောက်၌ ရွက်ခြောက်များ ကြွေကာ အရိုး ပြိုင်းပြိုင်း ဖြစ်နေကြသည့် သစ်ပင် သစ်ကိုင်း များမှာ ရွက်ညွန့် ကလေးများ ကိုယ်စီနှင့် စိမ်းစိုလာသည်။
 ခြောက်သွေ့ တင်းမာနေသော မြေပြင် မှာလည်း နယုန်လ ၏ မိုးသေး မိုးဖွဲ ကလေး များကြောင့် ထွက်ပြူလာ ကြသည်။ မြက်နုငယ် လေးများကြောင့် စိုစိုပြည်ပြည် ဖြစ် လာသည်။
ထို့ကြောင့် ပင် ရှေးတောင်သူ ဦးကြီး များက ''နယုန်မိုးသေး၊ မြက်သားမွေး'' ဟု မိုးလင်္ကာ ဖွဲ့ခဲ့ကြသည်။ မိုးဒေဝါ ၏ နိဒါန်း ပျိုးစ အခါ သမယ ဖြစ်ပေရာ နေပူလိုက် မိုးရွာ လိုက်ဖြင့် အလွန် ပူအိုက်သော လရာသီ ဖြစ်ပေသည်။
မိုးဦးကောင်းသည့် နှစ်များ တွင် မိုးကြီးစွာ ရွာသွန်း တတ်သည်။ နယုန် မိုးသေး ဟူသည်ကား ယေဘုယျ မှတ်သားချက် ဖြစ်သည်။ နယုန်လတွင် အခါ ခပ်သိမ်း မိုးသေးသည်၊ မိုးနည်းသည် မဟုတ်ပါ။ တစ်ခါတစ်ရံ မိုးကောင်းသည့် နှစ် များတွင် လယ်ယာ မြစ်ချောင်း အင်းအိုင်များ ရေလျှံ အောင်မိုးကြီးစွာ ရွာတတ်ပြန်သည်။
စိန္တကျော်သူ ဦးသြ ၏ ''မဟာ အဓိကရ ကန်တော် မော်ကွန်း'' တွင် ''နယုန်ဝါလ၊ ကြဲကြ ပျိုးထောင်၊ ဝါခေါင် သစ်ဆင်း၊ နှစ်လတွင်းမူ၊ ဆင်းကြ ယာလယ်၊ တောင်သူ မယ်တို့'' ဟု စပ်ဆို ထားသည့် အတိုင်း ဤလ တွင် တောင်သူ လယ်သမား ဦးကြီးများသည် ဂျုံ၊ နှမ်း၊ ပြောင်း၊ ဝါဂွမ်း၊ ပဲမျိုးစုံ တို့ကို စိုက်ကြ၊ ကြဲကြသည်။ ဆန် အတွက် မျိုးစပါး များကိုလည်း ပျိုးထောင်ကြသည်။
ယင်းသို့ တောင်သူ လယ်သမား ဦးကြီး တို့ အလုပ်ခွင် သို့ စတင် ဝင်ရောက် သည့် အချိန် ဖြစ်သောကြောင့် နယုန်လ မှာ တောင်သူ ဦးကြီး တို့၏ အာဒိမာသ (လုပ်ငန်း စတင်သောလ) ခေါ် ငန်းဦးစချိန်လ ဖြစ်သည်။
နယုန်လ ရာသီမှာ မေထုန်ရာသီ ဖြစ်သည်။ နက္ခတ် အားဖြင့် ဇေဋ္ဌနက္ခတ်ဖြစ်၍ ရာသီပန်းမှာ စကားပန်း ဖြစ်သည်။ ခြင်္သေ့ အင်္ဂါနှင့် ကြွက် ကြာသပတေး ရက်မင်း ရာဇာ ဖြစ်သည်။ ဂဠုန် တနင်္ဂနွေနှင့် ကျား တနင်္လာ ပြဿဒါး ရက်ဖြစ်သည်။ ဤလ ကို ပုဂံခေတ်၊ အင်းဝခေတ် ထိုး ကျောက်စာတို့၌ နံယုန်၊ နယုန်၊ နံမျူန်ဟု အမျိုးမျိုး ရေးထိုး ခဲ့ကြသည်။
မှန်စီကျောင်း ဒုတိယ ရှင်ပုညကာမိ စီရင်သည့် ဘုန်းမီးတက်လျှံချီ မှန်စီ သတ်ပုံတွင် ''တန်ခူး ကဆုန် လနမျူန်၊ ဖုန်ဖုန်လွင့်မြူလိမ်း'' ဟု လည်းကောင်း၊ သက္ကရာဇ် ၁ဝ၈၈ ပြီးသည့် သီရိမင်္ဂလာ သတ်ပုံတွင် ''ကဆုန်၊ နမျူန်၊ ကြိုးသုန်သုန်၊ နယုန် န သတ်မြန်း'' ဟု လည်းကောင်း လာရှိသည် တို့ကို ထောက်ရှုလျှင် ဒုတိယ အင်းဝခေတ်၌ ''နမျူန်'' ဟုလည်း အရေးအသား ရှိကြောင်း သိရပေသည်။
မြန်မာ့ သမိုင်းကြောင်းကို လေ့လာလျှင် အနော်ရထာ (အနိရုဒ္ဓ) ဘုရင်မှ အစပြု၍ ရှေးမြန်မာ ဘုရင် အဆက်ဆက်တို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပေရာ မိမိတို့ လက်ထက်တွင် သာသနာတော် ပြန့်ပွား ထွန်းကားရေးကို စွမ်းအားရှိသလောက် ချီးမြှောက် ခဲ့ကြသည်။
ဆရာတော်၊ သံဃာတော် များ၏ သာသနာ့ ဒါယကာ သြဝါဒ ခံများ ဖြစ်ကြသည့် အတိုင်း သာသနာတော် သုံးရပ်တွင် ပိဋကတ် စာပေဟူသော ပရိယတ္တိ သာသနာသည်သာ အရေးအကြီးဆုံး အခြေခံ ပဓာနအကျဆုံး ဖြစ်ကြောင်း ကောင်းစွာ သိကြသည်။
ထိုခေတ် ထိုအခါက ဖြစ်ထွန်းနေသော ဘုန်းတော်ကြီးကျောင်း ပညာရေး ကိုလည်း အထူး အားပေး လိုကြသည်။ မြန်မာ ဘုရင်များသည် ပရိယတ္တိ သာသနာ တိုးတက် ပြန့်ပွားရန်နှင့် ပညာရှင်များ ထွန်းကား လာစေရန် ဟူသော ဆန္ဒဖြင့် ပဋ္ဌမ စာတော်ပြန်ပွဲကို နယုန်လ၏ ရာသီပွဲတော် အဖြစ် တခမ်းတ နားကျင်းပ ခဲ့ကြပေသည်။
နယုန် လတွင် စာပြန် ပွဲများ ကျင်းပ ရာ၌ ဗုဒ္ဓစာပေ ပထမပြန် စာမေးပွဲကို သာလွန်မင်းတရားကြီး လက်ထက် မြန်မာ သက္ကရာဇ် ၁ဝဝဝ ပြည့်နှစ်တွင် စတင် ကျင်းပခဲ့ကြောင်း သိရှိ ရပေသည်။ မင်းတုန်းမင်းကြီး လက်ထက် တွင် ပထမပြန် စာမေးပွဲ အတွက် ကျမ်းစာအုပ် များ ပြဋ္ဌာန်းပြီး သီပေါမင်း လက်ထက်သို့ ရောက်သောအခါ မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်မှ စတင်၍ ပထမပြန်ပွဲ ဆိုင်ရာ ဥပဒေ စည်းမျဉ်း စည်းကမ်း များ ချမှတ်ကာ စနစ်တကျ ကျင်းပခဲ့သည်။
သီပေါမင်း သည် အဆင့်မြင့် ပါဠိစာပေတန်း များ အောင်မြင်ခဲ့သည် ဟု သိရှိရသည်။ ကုန်းဘောင်ခေတ်ဦး တွင် အင်ရုံ ရွာစား ဝန်ကြီး သီရိဥဇနာ ရေးသား ခဲ့သော လောကဗျူဟာ ကျမ်း တွင် ရှေးခေတ် မြန်မာ မင်းများ သည် နယုန်လ ၌ စာတော်ပြန်ပွဲ ကို ကျင်းပခဲ့ ကြကြောင်း ရေးသား မှတ်တမ်း တင် ခဲ့ပေသည်။
 ကုန်းဘောင် ခေတ်နှောင်း ကာလ၌ စာတော်ပြန် ပွဲတော်များ ကျင်းပခဲ့သည်။ ရှေးခေတ် မြန်မာ့ ဗိသုကာ လက်ရာ များဖြင့် ကျွန်းသစ် များ အသုံးပြုလျက် တည်ဆောက်ခဲ့သော သုဓမ္မာ ဇရပ်တန်းကို မန္တလေးမြို့ရှိ နန်းတော် မြို့ရိုးကြီး ၏ မြောက်ဘက်မြို့ရိုးနှင့် မန္တလေးတောင် တို့ အကြားဝယ် လွမ်းဆွတ် အောက်မေ့ ဖွယ်ရာ တွေ့မြင် နိုင်သည်။
စာတော်ပြန်ပွဲ ကျင်းပသည့် အချိန် သည် ဗုဒ္ဓဘာသာဝင် များ အလွန် အလေးထားကြသော အချိန်ဖြစ် သည်။ ဗုဒ္ဓပိဋကတ် စာပေကို လေ့လာ လိုက်စားသည့် ရဟန်း၊ သံဃာများ ပွားများခြင်း သည် ဗုဒ္ဓဘာသာ ဝင်တို့ အတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ် ဖြစ်သည်။
သို့ဖြစ်၍ မြို့အလိုက်၊ နယ်အလိုက်၊ စာတော်ပြန်ပွဲ သို့ ဝင်ရောက် မည့် ရဟန်း၊ သံဃာများအား လှူဖွယ် ဝတ္ထု အစုစု တို့ဖြင့် ပြုစု အားပေး ကြသည်။ သာသနာတော် အတွက် ဝိုင်းဝန်း ၍ အထောက် အပံ့ ဖြစ်စေကြသည်။
တိုင်တားမြို့ သူကြီး ဦးဖက် က ဤ နယုန်လ ကို .....
 ''နန်းနယုန် နယ်လကို၊ ကြယ်ဗြဟ္မဏ တာရာ၊ ရွှေဇေဋ္ဌ ပုဏ္ဏာဝယ်၊ ယုန်စန္ဒာပြိုင်မျှ။
  မုလေးပျံ့သေးသွယ် ငယ်၊ ရွှေစံပယ်သင်း တဲ့ မာသ။ သုဓမ္မ ရိပ်သာမှာ၊ သဘင်စာ သည်လ။
  မင်္ဂလာ ထွန်တော် ချလို့၊ သေနင်္ဂ လေးအင်။
  ထုံးစဉ်စံ သွေမခွတယ်၊ ဘုန်းရာများ ထွတ် ထိပ်ဘုရင်။
  ဥာဏ်တမွတ် ဖန်ဆင်တယ်၊ မေထုန်ခွင် နွေစွန် လမှာမို့၊ မိုးမာန်က တအုံအုံ၊ မဲတဲ့လို့မှုန်။
  မြဖဲရံ တိမ်ဂဠုန်လို၊ သိရ်တဂုဏ်ကူ ဖြိုးလှလေး။
  မနုံသူ့ ရွှေရင်မှာ၊ ဖြေတင်နိုင် ပူညှိုးရလေး။''
 ဟု ရာသီဘွဲ့ တေးထပ်ဖြင့် ဂုဏ်ပြု မှတ်တမ်းပြု ခဲ့ပေသည်။
နယုန် လပြည့်နေ့ သည် ဗုဒ္ဓရှင်တော်မြတ် ၏ မဟာ သမယသုတ် ဟောတော် မူသော နေ့ဖြစ်သည်။ ထို့ကြောင့် နယုန် လပြည့် ''မဟာ သမယနေ့'' ဟု အသိ အမှတ်ပြုကြသည်။ နယုန်လ ၌ ဟောသော မဟာသမယ သုတ်ကို ''နတ်ချစ်သုတ်'' ဟု သတ်မှတ် သမုတ်ကြသည်။
စာဆိုတော် တစ်ဦးက မဟာသမယ သုတ် ဟောတော်မူရ ခြင်း၏ သမိုင်းကြောင်း ကို ကြည့်ပြီး ဆင့်ပွား အနက် အဓိပ္ပာယ် ကြံဆကာ ''ငြိမ်းချမ်းသောနေ့'' ဟု ဆိုသည်။ မဟာသမယ ဟူသည် များစွာသော ရဟန်းတို့ စည်းဝေးသော အခါ များစွာသော နတ်အပေါင်းဟု ပဒတ္ထမဉ္ဇူသာ ပါဠိ-မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ မဟာသမယ သုတ်တော်၌လည်း ရဟန္တာငါးရာ စည်းဝေးတော် မူကြရာ များစွာသော ရဟန်းတို့၏ အစည်းအဝေး ဟု ဖွင့်ဆို ထားပေသည်။
မဟာသမယ သုတ် ဟောတော် မူရခြင်း အကြောင်းပြုသော ပုဂ္ဂိုလ် တို့မှာ သာကီဝင် မင်းမျိုးဖြစ်သော ကောလိယ မင်းသား ၂၅ဝ နှင့် ကပိလဝတ် မင်းမျိုး မင်းသား ၂၅ဝ တို့ ဖြစ်ကြသည်။ ဘုရားရှင် လက်ထက် အခါ၌ တစ်ခုသော နွေလ တွင် ရေ အခက်အခဲနှင့် ကြုံတွေ့လေသည်။
ကပိလဝတ် ပြည်နှင့် ကောလိယ ပြည်တို့၏ အလယ်ကြားမှ ''ရောဟိဏီ'' မြစ်ရေသည် စီးဆင်းနေသည်။ နှစ်ပြည်ထောင် မှ လယ်သမား တို့သည် ရောဟိဏီ မြစ်ရေ ကို အားထား၍ လယ် စပါးသီးနှံ စိုက်ပျိုးကြသည်။ နွေရာသီ နယုန်လသို့ ရောက်လာပြီဖြစ်၍ ရောဟိဏီ မြစ်ရေက နည်းနေသည်။
မိုးကောင်းသော ရာသီ ၌ နှစ်ပြည်ထောင် လယ်သမားတို့သည် ရောဟိဏီမြစ်ရေ ကို ပြည့်ပြည့်ဝဝ အသုံးပြု ၍ လယ် စပါး စိုက်ပျိုး ကြသည်။ မိုးခေါင် ၍ ရေအားနည်းသော် နှစ်ပြည်ထောင် အတွက် ရေ မလုံလောက်သော အခါ ရောဟိဏီမြစ် မှ ရေကို ဝေစု ခွဲ၍ သုံးကြရာ အဝေ မတည့်၍ ရေလုပွဲ တွင် လယ်သမားများ စကားများ ရန်ပွဲ ရိုက်ပွဲများ ဖြစ်ကြသည်။
လယ်သမား များကို အကြောင်းပြု၍ နှစ်ဖက်နိုင်ငံ မှ မင်းညီ မင်းသားများနှင့် စစ်သည်တော် များသည် ရောဟိဏီ မြစ်တည် ရှိရာသို့ ရောက်လာပြီး မြစ်ကမ်း တစ်ဖက် စီတွင် နေရာယူ ထားကြ သည်။ နှစ်ပြည်ထောင် မှ လူအများတို့ သည်လည်း တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်လျက် ထိုးခုတ် တိုက်ခိုက် မည့်၊ သွေးချောင်းစီးတော့ မည့် အခြေအနေ ရောက်ရှိနေကြသည်။
ထို အခြင်းအရာကို သိမြင်တော် မူသော မြတ်စွာ ဘုရား သည် သဗ္ဗညုတ ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်တော် မူပြီး စစ်တပ် နှစ်တပ် တို့၏ အလယ် ကောင်းကင် ယံ၌ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် သပ္ပာယ်စွာ စံနေတော် မူသည်။ ဘုရားရှင် အား နှစ်ဖက်သော စစ်သည် များ ဖူးမြော်ရသော အခါ စစ်တိုက် လိုစိတ်များ ပျောက်ကင်း ၍ ရှိခိုး ဦးခိုက်ကြသည်။
ရန် စစ်ပြေငြိမ်းရန် မြတ်စွာဘုရား က ဟောကြားသည်။ ထိုအခါ နှစ်ဖက် ကျေအေးကြပြီး နှစ်ပြည် စလုံးမှ လူအချို့သည် မြတ်စွာဘုရား သာသနာတော်တွင်း သို့ ဝင်ရောက်၍ ရဟန်းပြုကြသည်။ စုစုပေါင်း ရဟန်း အပါး ၅ဝဝ ရှိသည်။ ထို ရဟန်းတို့၏ ငြိမ်သက် တည်ကြည်မှု ကို လူနတ်ဗြဟ္မာတို့က အလွန်နှစ်သက် ကြည်ညို ကြ သဖြင့် လာရောက် စုဝေးကြကုန်၏။
 မြတ်စွာဘုရား က ဤသို့ စည်းဝေး ခိုက်တွင် ''မဟာ သမယသုတ်'' ကို ဟောကြားတော် မူသည်။ မဟာသမယ ဆိုသည် စုရုံး စည်းဝေးနေသည့် အချိန် အခါကို ဆိုလိုသည်။ နတ်ဗြဟ္မာ များ ဤသို့ စည်းဝေး ပေါင်းဆုံခိုက် တွင် ဟောကြားတော်မူသည့် မဟာသမယ သုတ် ကို အမြဲ ရွတ်ဖတ်လျှင် နတ်ဗြဟ္မာ တို့ လိုလား နှစ်သက်သည်။ ပစ္စည်းဥစ္စာ ရာထူးဌာနန္တရ တိုးတက်သည် ဟု ယုံကြည်ကြသည်။
လောကုတ္တရာ ဆိုင်ရာ ပညာသင်ကြားနေသူ ရဟန်းသံဃာ တို့က စာတော်ပြန်ပွဲ ကျင်းပသည့် နယုန်လ အချိန် အခါတွင် လောကီ ပညာ သင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူ များ အဖို့မှာ မူ ပညာသင်နှစ် စတင် ဖွင့်လှစ် ချိန်ဖြစ်သည်။ တပေါင်းလ တွင် စာမေးပွဲများ ကျင်းပခဲ့ပြီးနောက် စာမေးပွဲ အောင်မြင် လာသူများ သည် နယုန်လတွင် အတန်း တိုးမြှင့်၍ တက်ရောက် သင်ကြားခွင့် ရရှိကြပြီ ဖြစ်သည်။
သို့ဖြစ်၍ နယုန်လ သည် ရဟန်းသံဃာ များ အတွက် စာတော်ပြန်ပွဲ ကျင်းပသည့် လဖြစ်၍ အရေးပါ သကဲ့ သို့ ကျောင်းသူ၊ ကျောင်းသား များ အတွက် ပညာသင်နှစ် အစ အတန်း တက်ရသည့် အချိန် ဖြစ်၍ အရေးပါလှသည်။
၁၃၁၅ ခုနှစ်မှ စပြီး ရာသီဥတု ပူပြင်းမှုကို အကြောင်းပြုကာ ရဟန်း သံဃာတော် တို့၏ ပါဠိ ပထမပြန် စာမေးပွဲ ကို ဤနယုန်လ တွင် မကျင်းပ ဖြစ်တော့ဘဲ တပေါင်းလ ဖြစ်စေ၊ တန်ခူးလ ဖြစ်စေ အလျဉ်း သင့်သလို ကျင်းပ လာခဲ့သည်မှာ ယနေ့ကာလ အထိပင် ဖြစ်သည်။ သို့သော် နိကာယ် စာမေးပွဲကိုမူ ဤနယုန်လမှာပင် ကျင်းပ သည်ကို တွေ့ရှိ ရပေသည်။
သို့ပါ၍ မုလေး (မြတ်လေး)၊ စံပယ်သင်း ပျံ့သော လ နယုန်သည် မိုးရွာ သွန်းသောလ၊ မဟာသမယ အခါတော်နေ့ ကျင်းပသော လ၊ ရှေးအခါ က ပါဠိ ပထမပြန် စာမေးပွဲ ကျင်းပသော လ၊ ယခုအခါ နိကာယ် စာမေးပွဲ ကျင်းပသော လ၊ လောကုတ္တရာ ဆိုင်ရာ၊ လောကီ ဆိုင်ရာ ပညာတို့ဖြင့် နှီးနွှယ်သော လ၊ ပညာဖြင့် နှီးနွယ် နေသဖြင့် လေးနက်သော အဓိပ္ပာယ် ဆောင်ပြီး မွန်မြတ် သန့်စင် ရိုသေလေးစားအပ်သော လတစ်လ ''စာသမကုန်၊ လနယုန်'' ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါကြောင်း ဂုဏ်မွှမ်းဖော်ပြ ရေးသားလိုက်ရပါသည်။
လူမုန်း (ဓမ္မ​ရောင်​စဉ်​)
Sunday, May 22, 2016
ပရိတ်​ကြီး ၁၁-သုတ်​ အကျိုး​တော်​များ
* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---
* မင်္ဂလသုတ်---ကျိုးညွှန်းထုတ်သော်, လောကုတ်လောကီ, နှစ်လီမင်္ဂလာ, ချမ်းသာကောင်းကျိုး, ရွာသွန်းမိုးသို့, ဝေဖြိုးလျှံပ, တိုးပွားရသည်, သုံး၍မကုန်, မြဲအောင်ခြုံလော့---
* ရတနသုတ်---သုံးကြိမ်ထုတ်က, သက်ပြတ်ခန္ဓာ, ရောဂါဥပါဒ်, ငတ်မွတ်ခေါင်းပါး, ကပ်သုံးပါးတို့, ရှောင်ရှားဝေးက, ငြိမ်းအေးလှသည်, သုံးစားမကုန်, ရတနာစုံတည်း---
* မေတ္တသုတ်မှာ---ဒေဝါနတ်များ, ချစ်ခင်ပွား၍, ဆိုးရွားအိပ်မက်, မမြင်မက်ဘဲ, အိပ်မက်နိုးထ, ချမ်းသာရလျက်, ရန်စရန်ညှောင့်, မြန်ပျောက်လိုက, ရွတ်ကြအဟုတ်, ခုနစ်အုပ်တည်း---
* ခန္ဓသုတ်မွန်---ဆိတ်ထန်ဆိုးရွား, မြွေကင်းများနှင့်, သစ်ကျားဝန်အောင်း, သရဲပေါင်းတို့, ကွာရှောင်းဝေးရာ, ဖယ်သွားခွါအောင်, ရွတ်ဆောင်နေ့ည, ကိုးကြိမ်ပြသည်, မှတ်ယူသုံးတော့, ကိုယ်တွေ့တည်း---
* မောရသုတ်မှာ---ရာဇဝတ်ဘေး, ပြေး၍မလွတ်, မချွတ်ရောက်ကြ, ရင်ဆိုင်ရသော်, စိတ်အားမပျက်, နေထွက်-နေဝင်, မြဲလျှင်မပြတ်, ကိုးကြိမ်မှတ်ခါ, ရွတ်အပ်ပါ၏---
* ဝဋ္ဋသုတ်မှာ---ရွာမီးမြို့မီး, တောမီးမကျန်, မီးမှန်သမျှ, ဘေးရန်ပအောင်, မိမိမျက်နှာ, တည်ရာအရ, ရွတ်ပွားကြသည်, ရှေးကသူသုံး, နည်းညွှန်ထုံးတည်း---
* ဓဇဂ္ဂသုတ်မှာ---ပြင်းစွာကြောက်လှ, တုံလှုပ်ကြ၍, စိတ်ကချောက်ခြား, ထိတ်လန့်များလျှက်, ကြောက်အားဖိစီး, ကြက်သီးဖြန်းလာ, ရွတ်ဆိုရာကား, ဆယ်ကာဆယ်ခေါက်, ခရီးရောက်၏---
* အာဋာနာဋိယ---ရှစ်ကြိမ်ရွတ်လေ, တစ္ဆေ-မှင်စာ, မာတြာ-မြေဘုတ်, ဖုတ်-သဘက်-ကြတ်, နတ်ဆိုးမကျန်, ကုမ္ဘဏ်-ဘီလူး, ထူးထူးနှောင့်ယှက်, နှိပ်စက်မရှိ, ချမ်းသာဘိ၏---
* အင်္ဂုလိမာလ---သုတ်အရမူ, မိမ္မ-ဓမ္မတာ, မီးဖွားခါနီး, ဆင်းရဲကြီးက, မငြီးသန့်စင်, ဖွားမြင်စေလို, ရေကို-သုံးခါ, စစ်ပြီးပါမှ, ခုနစ်ခါမန်း, တိုက်လျှင်ဘေးဘျမ်း, စင်စစ်လမ်းတည်း---
* ဗောဇ္ဈင်သုတ်မြတ်---သုံးကြိမ်ထပ်မူ, စွဲကပ်ရောဂါ, ဝေဒနာမှာ, ပိန်းကြာဖက်ပြား, ရေမနားသလို, ဘေးပချမ်းသာ,
အေးမြပါ၏---
* ပုဗ္ဗဏှသုတ်---ဆယ့်နှစ်အုပ်ကို, ရွတ်ဆိုပူဇော်, ဂြိုဟ်သော်စီးနင်း, ဆိုးရွားခြင်းတွင်, နိမ့်ဆင်းကြမ္မာ, ဆိုးဒသာနှင့်, ဇာတာစန်းလဂ်, ညှိုးနွမ်းချက်မှ, ဆက်ဆက်ကာလျှင်း, ကင်းကြသည်, ဒိဋ္ဌလာဘ်ကောင်း, အကျိုးတည်း။
* မဟာမင်္ဂလ---ပရိတ္တကား, သုခများစွာ, မင်္ဂလာပွားတက်, ဘုန်းကြက်သရေ, ပြည့်ဖြိုးဝေ၏၊
* သုံးထွေသောကပ်, သက်ပြတ်ဒုဗ္ဘိက်, နံနှိပ်ဖျက်ဆီး, မှုကြီးရောက်လာ, ရတနပရိတ်, ရည်ညွှန်းနှိပ်၍, စိတ်သစ္စာပြု, ရွတ်မှုမှန်စွာ, လွန်ချမ်းသာ၏၊
* ဗျာပါသောက, စိတ်ဒုက္ခနှင့်, နေ့ညမရွှင်, အိပ်လျှင်မပျော်, သူတို့သော်ကား, အော်အော်ညှင်းဆဲ, မေတ္တာနဲက, ရွတ်မြဲရိုတုပ်, မေတ္တသုတ်တည်း၊
* ကြမ်းကြုတ်သစ်ကျား, မြွေများ ကင်းသန်း, စုန်းဖမ်းနတ်တိုက်, အလိုက်သူပြု, အမှုရှိက, ရွတ်ပါခန္ဓ, ပရိတ္တတည်း၊
* ဘယနှောင်သွင်း, ခြေကျင်းကျိုးတတ်, ထိပ်ခပ်ဗန္ဓ, ရှိလေကမူ, မောရပရိတ်, မအိပ်မနေ, ရိုသေနေ့ည, ကြိုးလုံ့လလော့၊
* တေဇအဂ္ဂိ, မီးဘေးရှိက, ဝဋ္ဋသုတ်ပင်, ရွတ်လေခြင်လော့၊
* မှုအင်ဘေးကြီး, ရောက်တုံပြီးသော်, ကြက်သီးမွှေးညှင်း, ပူပြင်းထန်စွာ, ရှိသောခါလျှင်, မဟာဓဇဂ္ဂ, သုတ်မြတ်လှကို, မှန်လှစေ့စေ့, ရွတ်အောက်မေ့က, ပျောက်ပျက်ရ၏၊
* ကိုယ်မှာရောဂါ, ဖျားနာတထူး, ဘီလူးသဘက်, နှိပ်စက်ဖမ်းခါ, အာဋာနာဋိယ, ပရိတ္တကို, နေ့ညရွတ်ပါ, ကျန်းမာပကတိ, ဧကန်ရှိ၏၊
* မချိပြင်းပြ, ဣတ္ထိယတို့, ဂဗ္ဘကိုယ်ဝန်, သားမွန်မဖွား, ခက်ခဲငြားမူ, စကားသစ္စာ, မှန်စွာကြီးဘိ, အင်္ဂုလိဟု, မည်ရှိပရိတ္တာ, ရေသာ မန်းတိုက်, ကိုယ်၌အန္တရာယ်, သားဖွားလွယ်၏၊
* လူငယ်လူကြီး, ဖျက်ဆီးဆန်များ, နာဖျားတာရှည်, မတည်စိတ်စက်, မသက်မသာ, ရှိသောခါလျှင်, မဟာဗောဇ္ဈင်, ပရိတ်ပင်တည်း၊
* အိပ်လျှင်နိမိတ်, အတိတ်အနာဂတ်, မြင်လတ်သောအခါ, သင်္ချာဗေဒ, ပုဗ္ဗဏှကို, နေ့ညရွတ်လေ, ပျောက်ပေအန္တရာယ်, ရှင်းရှင်းပယ်သည်, မှတ်ဖွယ်ကျမ်းလာ အပြီးတည်း။
( ပရိတ်ကို ဤသို့ စီရင်၍ ရွတ်သင့်သည် )
ပရိတ်ရွတ်ရာ၌ ရေ, ချည် တို့ကို ယူလာသူ ဒါယကာ ဒါယိကာမတို့အား “ငါ ရွတ်သော ပရိတ်တရား၏ တန်ခိုးတေဇော် အာဏာတော်သည် ထို ရေ, ချည် ထဲသို့ ဝင်စေအံ့” ဟု လက်ဖြင့် ရေကို လှုပ်ခြင်း၊ ချည်ကို နယ်ခြင်း၊ ပြုလျက် ရွတ်ဖတ်ပေးအပ်၏-ဟု ပါရာဇိကဏ် အဋ္ဌကထာ၌ ဆို၏။ ထိုသို့ လှုပ်နယ်ခြင်းသည် ထို ရေ, ချည် တို့၌ ပရိတ်အာဏာ ထည့်သွင်းပေးသည် မည်၏-ဟု ဝိမတိဋီကာ၌ ဆို၏။
ထို့ပြင် ဘီလူးဘေး ကာကွယ်ရန် အိမ်တံခါးဝ၌ မဏ္ဍပ်အလယ် အင်းပျဉ်ပေါ်တွင် သူငယ်ကို အိပ်စေ၍ ရဟန်းတော်တို့ ဝန်းရံလျက် ၇-ရက်တိုင်တိုင် နေ့ညမပြတ် ဘုရားရှင်အမိန့်အရ ပရိတ်ရွတ်ဖတ်ကြ၍ ထိုသူငယ် ၇-ရက်နှင့် သေမည်ဖြစ်သော်လည်း အသက် ၁၂၀-တိုးရှည်သောကြောင့် အာယုဝဍ္ဎန သတို့သားဟု ထင်ရှား၏။(ဓမ္မပဒ အဋ္ဌကထာ) ဤသူငယ်ကို အလယ်ထား၍ ရွတ်ဖတ်ကြသည်ကို အတုပြုသင့်၏။
အလောင်းတော် ဗြဟ္မဒတ်မင်းသား ဖြစ်စဉ်က အရှင်ပစ္စေကဗုဒ္ဓါများက ပရိတ်ချည် ပရိတ်ပန်း ပရိတ်သဲများ ရွတ်ဖတ်ပေးလိုက်သည်ကို ဆောင်ယူသွား၍ ဘီလူးဘေး ကင်းလွတ်ကြောင်း, ဧကနိပါတ် တေလပတ္တဇာတ်-၌ ဆိုသဖြင့် ပရိတ်ရွတ်ရာတွင် ပရိတ်ချည်, ပန်း, သဲ, ရေမန်း, စုံလင်စွာ ထားသင့်သည်ဟု သိရသည်။
ရေကို လှုပ်, ချည်ကို နယ်, ပန်းကို ကိုင်, သဲကို ဆုတ်ခြင်းပြု၍ ရွတ်သင့်၏။
အားလုံးပဲစိတ်​၏ ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနှင့်
ပြည့်​ဝကြပါ​စေ။
လူမုန်း (ဓမ္မ​ရောင်​စဉ်​)
Monday, May 16, 2016
ကဆုန်လပြည့် ဗုဒ္ဓနေ့ ရွတ်ဆိုရန် ကဗျာများ
ဘုရားဖြစ်သောနေ့
═══════
တောရပ်မြိုင်ပေါ် ၊ ခြောက်နှစ်ပျော်၍ ၊ ခါတော်တစ်ဖုံ ၊ ပွင့်ချိန်ကြုံက ၊ ကဆုန်လပြည့် ၊ ဆင်မင်းနေ့ဝယ် ၊ မြေ့ပရမေ ၊ ပလ္လင်ဗွေထက် ၊ ရွှေညောင်တော်ကြီး ၊ ဗိတာန်ထီးနှင့် ၊ မငြီးကြည်ဖြူ ၊ နေတော်မူလျှက် ၊ ရန်မြူခပင်း ၊ အမိုက်သင်းကို ၊ အရှင်းပယ်ဖျောက် ၊ အလင်းပေါက်က ၊ ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် ၊ သုံးဖော်လူတို့ ငြမ်းပါကို ။
ဗျာဒိတ်ခံယူသောနေ့
═══════
သုမေဓာလောင်း ၊ ကပ်ဟောင်းလွန်လေ ၊
ဒီပင်ထံပါး ၊ တံတားအနေ ။
ရွှေဗျာဒိတ်ပန်း ၊ ဆင်မြန်းဆွတ်ခြွေ ၊
ကဆုန်လ  ၊ ပုဏ္ဏ ဒိဝသေ ။
ဖွားမြင်သောနေ့
═══════
သုဒ္ဓေါဓန ၊ လောကကျက်သရေ ၊
မာယာမယ်ဖွား ၊ ထွတ်ဖျားမဟေ ။
အောင်သံကျူးလို့ ၊ မီးရှုးမြင်စေ ၊
ကဆုန်လ ၊ ပုဏ္ဏ ဒိဝသေ ။
ဘုရားဖြစ်သောနေ့
═══════
ဗောဓိညောင်နန်း ၊ အောင်ပန်းညောင်ရေ ၊
သစ္စာဖွင့်ပွဲ ၊ ဆင့်ကဲသရေ ။
ဂုဏ်ကိုးပါးနှင့် ၊ ဘုရားဖြစ်ချေ ၊
ကဆုန်လ ၊ ပုဏ္ဏ ဒိဝသေ ။
ပရိနိဗ္ဗာန် စံတော်မူသောနေ့
══════════
ဗိုလ်လူအပေါင်း ၊ သိန်းသောင်းကုဋေ ၊
ချေချွတ်ပြီး၍ ၊ မဂ်ထီးလှုံစေ ။
မလ္လာနယ်တွင်း ၊ အင်ကြင်းရဝေ ၊
ခန္ဓာငြိမ်း ၊ ဇာတ်သိမ်း နိဗ္ဗူမြေ ။
ကဆုန်လ ၊ ပုဏ္ဏဒိဝသေ ။
ကဆုန်လ ညောင်ရေသွန်းပွဲတော်
═══════════════════════
ကဆုန်လမှာ အစဉ်အလာမပျက် ကျင်းပတဲ့
ပွဲကတော့ ညောင်ရေသွန်းလောင်းပွဲ ဖြစ်ပါတယ်။
ညောင်ရေသွန်းပွဲတော်ကို
(၁)ပွင့်ရာဗောဓိအား ရည်မှန်းခြင်း
(၂)ရေပြတ်ချိန်မှာ မညှိုးးနွမ်းစေလိုခြင်း
ဤရည်ရွယ်ချက်နှစ်မျိုးဖြင့် ကျင်းပခြင်း
ဖြစ်ပါတယ်။
သမိုင်းကြောင်း
========
ဇာတ်နိပါတ်မှာ-
မြတ်စွာဘုရားက
(၁)သာရီရိကစေတီ
(၂)ပရိဘောဂစေတီ
(၃)ဥဒ္ဒိဿကစေတီ အားဖြင့် စေတီသုံးမျိုး
ရှိပုံကိုမိန့်ကြားပြီး
ဗောဓိပင်ကို ပရိဘောဂစေတီထိုက်၍ ပူဇော်
ခွင့်ပြုထားပါတယ်။
သစ္စာလေးပါးတရားတို့ကို သိမြင်ရာဌာနဖြစ်
သောကြောင့် ပွင့်တော်မူရာသစ်ပင်ကိုဗောဓိ
ပင်လို့ခေါ်ဆိုရပါတယ်။
ဥပမာ-
ကံ့ကော်ပင်မှာ ဘုရားပွင့်ရင် ကံ့ကော်ပင်ဟာ
ဗောဓိပင်ဖြစ်ပါတယ်။
ညောင်ပင်မှာဘုရားပွင့်ရင် ညောင်ပင်ဟာ
ဗောဓိပင်ဖြစ်ပါတယ်။
ဒါ့ကြောင့်
ကဆုန်လအခါမှာ အပူလွန်ကဲပြီး ရေပြတ်လတ်ချိန်ဖြစ်၍ ဗောဓိပင်များမညှိုးနွမ်းအောင်
ရေသွန်းလောင်းကြခြင်းဖြစ်ပါတယ်။
ထေရဝါဒ ဗုဒ္ဓသာသနာတော်ကိုလက်ခံ
ယုံကြည်ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံရှိ
ဗုဒ္ဓဘာသာများအနေဖြင့် ကဆုန်လ
ညောင်ရေသွန်းပွဲကို ပုဂံ ပင်းယ အင်းဝ
ကုန်းဘောင်ခေတ်များမှ ယနေ့မျက်မှောက်
ခေတ်အထိ အစဉ်အလာ မပျက်ပြုလုပ်ခဲ့ကြ
ပါတယ်။
ညောင်ရေသွန်းပွဲ
══════
၁။ဗုဒ္ဓမြတ်စွာ တရားရှာ၊ အေးရိပ် မြိုင်ဟေမာ။
၂။မြက်ထမ်းလာတဲ့ သုဒ္ဓိယ၊ သဒ္ဓါ ဇောဟုန်ကြွ။
၃။ဦးနှိမ်ချလို့ စိတ်ကြည်ဖြူ၊ ရှစ်ဆုပ် မြက်ကိုလှူ။
၎။သည်အလှူ  မြေမှာခင်း၊ ဗောဓိ ညောင်ခြေရင်း။
၅။ရွှေရောင်ဝင်းတဲ့ ပလ္လင်ယံ၊ ထက်ဝယ်
   တည်နေစံ။
၆။ငါးမာရ်အောင်တဲ့ တရားမင်း၊ ဗောဓိ
   ရွှေဉာဏ်လင်း။
၇။ဆင်မင်းနေ့ကြုံ  လကဆုန်၊ ပြည့်ဝန်း
   လငွေယုန်။
၈။အိုးစည်ဗုံနှင့် ကခုန်နွှဲ၊ ညောင်ရေ သွန်းတဲ့ပွဲ။
═══════════════════════
မေတ္တာဖြင့် အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)
Thursday, May 5, 2016
"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် အဘယ်ကြောင့် ဖုံးလွှမ်းရသနည်း"
မြတ်ဗုဒ္ဓ သာသနာမှာ လက်ဝဲတော်ရံ
လက်ယာတော်ရံဆိုတာရှိတယ်
လက်ဝဲတော်ရံဆိုတာ
တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါ
လက်ယာတော်ရံဆိုတာ
ပညာအရာမှာ ဧတဒဂ်ရတဲ့အရှင်သာရိပုတ္တရာပါ
တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ...
တန်ခိုးဆိုတာ အာသ ဝေါတရားတို့ ရဲ့
ကုန်ရာခန်းရာ အရဟတ္တဓဇ၊
အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။
ပညာဆိုတာကတော့ ၀ိပဿနာပညာ၊
မဂ်ပညာ၊ ဖိုလ်ပညာက နေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ ပါ
ပုထုဇဉ်တို့ ရဲ့စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊
တစ်ခုရိုး တစ်မျိုးပြောင်းပြီး
တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေနောက်
လိုက်ခဲ့ကြတယ်။
ရိုင်းရိုင်းပြောရရင်
လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ လူတွေမေ့မျော သာယာနေတတ်ကြတယ်။
ဒီတော့ တန်ခိုးရဲ့ ဆန်းဆန်းပြားပြား
ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင်
မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊
မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။
သာသနာကွယ်ပြီ ဆိုတာနဲ့ 
သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအ ပေါင်းက
လွတ်မြောက်ရာတရားတွေလည်းကွယ်တာပဲ။
ယောဂီတို့  တရားထိုင်ရာမှာလည်း
တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ
လက်ဝဲလက်ကို အောက်က လက်ယာလက်ကို
အ ပေါ်က ထားရတာလည်း ဒီသ ဘောပဲ။
လက်ဝဲဆိုတဲ့ တန်ခိုးသ ဘောကို
လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား
ဆင့်ထားရတယ်။
တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊
လက်ယာက ၀ိပဿနာ။
သမထ တန်ခိုးကိုသာ ပြလိုက်လို့ က တော့
အညှီ ယင်အုံသလို နေ တော့မှာပေါ့။
ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ
ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။
တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။
ဝိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ
ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။
တန်ခိုးလောက်ရင် မိန်းမောနေရင်
သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။
ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊
ပညာသာလျှင် အမြဲအစဉ် ဖွင့်ထားအပ်သောအရာ၊
ဖော်ထားအပ်သော အရာ၊
ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့
လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့
ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
 ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး
ဆုံးမသြဝါဒဖြစ်ပါသည် ။
မေတ္တာစေတနာဖြင့်
လူမုန်း (ဓမ္မ​ရောင်​စဉ်​)
Friday, April 29, 2016
ရန်​ကုန်​မြို့ (၄) ပြည့်​ ဓမ္မစကူးလ်​ညီလာခံတက်​​ရောက်​ရန်​စည်း​ဝေး
29.4.2016  ရှမ်းပြည်နယ်တောင်ကြီးမြို့ 
မြို့ နယ်ဓမ္မစကူးလ်ကော်မတ်ီရုံးတွင်
ရန်ကုန်မြို့  ၄ နှစ်ပြည့် ဓမ္မစကူးလ်ညီလာခံသို့ 
တက်ရောက်နိုင်ရန် တောင်ကြီးမြို့ နယ်အတွင်း
ရှိဓမ္မစကူးလ်ဌာနများမှ ဆရာတော်
သံဃာတော်များ ဆရာ / မ များ နှင့်
အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မည့်သူများကို
အများသဘောဖြင့် ရွေးချယ်ခြင်း၊
ညီလာခံသို့  လိုက်မည့်လူဦးရေစာရင်း
ပေးပို့ ရမည့်ရက် သတ်မှတ်ခြင်း၊
နိဗ္ဗာန်ဈေးတွင် ဒေသထွက်ကုန်များ
ဌာနအလိုက်ပေးပို့ မည့်ကိစ္စ
ပစ္စည်းထုတ်ပိုးခြင်းကိစ္စများကို
ဆွေးနွေးတိုင်ပင်ညှိနှိင်းခဲ့ကြပါသည်​။
လူမုန်း (ဓမ္မ​ရောင်​စဉ်​)
ခေါင်း​ဆောင်​မတင်​ထိုက်​သူ​ (၆) ဦး
ခေါင်းဆောင် မတင်ထိုက်သူများ
***********************************************
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”
၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။
၁။ ဂဏန်း
     ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။
၂။ ပုတ်သင်
     ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။
၃။ ၀ါးပင်
၎။ နွားသိုး
     နွားသိုး နဲ့တူတဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။
၅။ လိပ်
     လိပ် နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)
၆။ ခွေးအ
     ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။
ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ။ ငါ ဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ။ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင် လူကောင်းဖြစ်ပြီပေါ့။
အရှင်နန္ဒောဘာသ(ဓမ္မရောင်စဉ်)
အ​ကောင်းဆုံးအ​မွေ​ပေးပါ
အကောင်းဆုံး အမွေပေးပါ
***********************************************
စာရိတ္တသတ္တိဆိုတာ မိဘဘိုးဘွားတွေ အသိက ဆင်းသက်ခဲ့တာမို့
သားသမီးကောင်း ဖြစ်ခဲ့မှ မိဘကောင်းတစ်ယောက်ဖြစ်နိုင်သလို
နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ခဲ့မှ ခေါင်းဆောင်းကောင်းတစ်ယောက်
ဖြစ်နိုင်ပါတယ်။
ယဉ်ကျေးမှုအမွေကို အစဉ်တွေးရှုရှာဖွေပြီး လက်ဆင့်ကမ်းရမှာ
မိဘတိုင်းရဲ့ တာဝန်ပါ။
ပုဗ္ဗာစရိယ မိနှင့်ဘမို့ အသင်အပြ မရှိရင် ပတ်ဝန်းကျင်မြူဆွယ်မှုအောက်မှာ
မျိုးရိုးဗီဇတွေ တိမ်မြုတ်ပျောက်ကွယ်သွားပါလိမ့်မယ်။
လူငယ်ဆိုတာ အတုမြင်၊ အတတ်သင်တတ်သူလေးတွေမို့ ချစ်ဇောနဲ့
အပြစ်မပြောပဲ နေခဲ့ရင် မိဘကို ထီ မထင်၊ အဆိုးညဉ်တွေ မသင်ဘဲ တတ်
အကျင့်ဓာတ် ပျက် စာရိတ္တ ယိုယွင်းချက်တွေနဲ့ သားသမီးတစ်စု
အားနဲ့ ထီးမဖြစ်ပဲ ကျားနဲ့ မီးများဖြစ်လာခဲ့သော် အနာဂတ်အရေး
မတွေးတတ်အောင် ရင်လေးစရာတွေချည်းပါပဲ။
သားသမီးငယ်တို့ရဲ့ ဘ၀ပုံရိပ်လွှာ မိဘတွေ ထိန်းကျောင်းမှုအောက်မှာ
အတိမ်းအစောင်း ပြုမရတာမို့ ယခုကောင်းမှ နောင်ကောင်း
သားသမီးမကောင်း မိဘခေါင်းလို့ ဆိုပါတယ်။
အရိုင်းနဲ့ အလိမ္မာ အကြိမ်ကြိမ်အခါခါ ယှဉ်ကြည့် အောင်မြင်မှုအတွက်
ကွာဟမှု သော့ချက်တွေ ရှိနေတတ်တာမို့ လုပ်သလိုဖြစ်တဲ့အခြေအနေမှာ
သားသမီးငယ်တွေကို ဘယ်ပုံသွင် ထုဆစ်ပုံဖော်ပေးရမလဲဆိုတာ
မိဘ ဘိုးဘွားတွေရင်ထဲ အစဉ်ဝေခွဲရမယ့် ပုစ္ဆာတစ်ပုဒ်ပါ။
သားသမီး အချစ်၊ မြေးအနှစ်ဆိုတဲ့အတိုင်း မဖြစ်မနေ အချစ်တွေနဲ့အမွေပေးရမယ်ဆိုရင်ဖြင့်
အစဉ်အေးမှုတွေ ရမယ့် ယဉ်ကျေးမှုအမွေကသာ ထာဝရအကောင်းဆုံးပါ။
ဒါကြောင့်... ရင်နှစ်သည်းချာ သားသမီးအလိမ္မာလေးတွေဖြစ်ဖို့ အလိမ္မာ စာမှာရှိ
ယဉ်ကျေးမှုအသိတွေအတွက် ဘ၀ယဉ်ကျေးမှု အစ၊ ဘုန်းကြီးကျောင်းကမို့
နွေရာသီ ယဉ်ကျေးမှုသင်တန်း တက်ရခဲအခွင့်အလမ်းလို့ ဆိုပါရစေ..
မိဘများ မိမိသားသမီ်းများကို ယဉ်ကျေးမှုကျောင်းများသို့ များများပို့ပေးပါရန်နှင့်
ဘာသာရေးအဆုံးမများ နိုင်ငံချစ်စိတ်များ စာရိတ္တသတ္တိအမွေအဖြစ်
အကောင်းဆုံးအမွေများ ပေးထားဘို့ရန် အထူးပင် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ယနေ့အချိန်သည် အမိမြန်မာပြည်အတွက် ဘာသာ သာသနာချစ်စိတ်နှင့် မျိုးချစ်စိတ်များ
ရှင်သန် နိုးထရန် အထူးပင် လိုအပ်နေပြီဖြစ်ပါသည်။
သားသမီးများကို ခေတ်ပညာ ကျူရှင်များသာ စိတ်ပါဝင်စားယုံတင်မကပဲ ဓမ္မစကူလ်း၊summer စကူလ်းများသို့လည်းဘာသာ၊ သာသနာချစ်စိတ်နှင့် မျိုးချစ်စိတ်အမွေများ များများပေးရန် စိတ်ဝင်စားဖို့ အထူး လိုအပ်နေပြီဖြစ်ကြောင်းသတိပေး နှိုးဆော်ပေးအပ်ပါသည်။
အရှင်​န​န္ဒောဘာသ (ဓမ္မ​ရောင်​စဉ်​)
“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း နှင့် ညောင်ရေသွန်းေ​လောင်းပူဇော်ရကျိုး”
“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း”
••••••••••••••••••••••••••••••••••••••••••••••••
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပ
ပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-
မြတ်ဗုဒ္ဓသည်
●ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍ ၊
●ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို
ရောက်တော်မူပြီး၊
●ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
●ထို့ပြင် မြတ်ဗုဒ္ဓသည်
မဟာဗောဓိညောင်ပင်အောက်၌
မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
နေမ၀င်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို
သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌
ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။
ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း
ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ
ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်
နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း
❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊
❦သစ္စာ၎ပါး ကိုသိမြင်ရာ၊
❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော
မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့
ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌
စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို
ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။
အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း
မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို
အမှတ်ရစေလိုရေးပင် ဖြစ်သည်။
ဤကဲ့သို့ ဗောဓိညောင်ပင်များကို
ရေသွန်းဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”
ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ်
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ
ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။
ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏
အခြေခံအကြောင်းပင်ဖြစ်သည်။
“ညောင်ရေသွန်း ပူဇော်ရကျိုး”
•••••••••••••••••••••••••••••••••••
ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင်
“ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌
ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများ
ကိုယ်တိုင် မိမိတို့၏ ဘ၀ဖြစ်စဉ်များကို ပြန်လည်
ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။
 “ဂန္ဓောဒကိယ ရဟန္တာမထရ်”
••••••••••••••••••••••••••••••••••••••
“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၍
သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ
“ထင်းရှူး ဗောဓိပင်”ပူဇော်ပွဲ ပြုလုပ်သောအခါ
လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို
ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊
မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။
ထိုဘ၀မှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော
ကောင်းမှုကြောင့် နတ်ပြည်သို့ ရောက်ကာ
“ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း
ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ
နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။
နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း
နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့်
ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော
“သံဝသိတ” မည်သော “စကြ၀တေးမင်း” ဖြစ်ခဲ့ရလေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ
“ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။
 “ဗောဓိသိဉ္စက ရဟန္တာမထေရ်”
••••••••••••••••••••••••••••••••••••
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က
ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ
“ဗောဓိပင်ညောင်ပင်”ပူဇော်ပွဲ ကျင်းပသောအခါ
ဗောဓိပင်သို့ သွားရောက်ပြီး-
“ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ
လွတ်မြောက်နိုင်ပါစေသတည်း၊
ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ
ငြိမ်းအေးနိုင်ပါစေသတည်း”
ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော
ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက်
“ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့
မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။
ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ
လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြ၀တေးမင်း”
စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်”ခံစားစံစားရခဲ့လေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ
“ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။
“တိုက်တွန်းလွှာ”
•••••••••••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ
●ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော
“အသနဗောဓိယ ရဟန္တာမထေရ်”၊
ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော
●“ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး”
တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊
အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။
ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ
ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံ
သက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည်
ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊
ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊
ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည်
ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက်
အာရုံယူကာ
“သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊
ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ
သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း
ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။
အားလုံးစိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနှင့်​ ပြည့်​စုံကြပါ​စေ။
လူမုန်း (ဓမ္မ​ရောင်​စဉ်​)
Friday, April 22, 2016
နာကိုး ​တောင်းရှစ်​​ သာဓုတစ်​ ​မေးခွန်းအ​ဖြေ
“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသင်္ချေ” ဟူသောစကားကို ပါဠိတော် အဋ္ဌကထာတို့၌ မပါကြောင်း ရှေးယပ်လှဲတရားစာ စသည်တို့၌သာတွေ့မိကြောင်း ပညာရှင်တို့ ဖြေကြားဖူးလေပြီ။
(ဂါထာအနေဖြင့် ဤသို့ရှိသတဲ့–
န၀ကပ္ပံ သုတဓမ္မံ ၊ အဋ္ဌကပ္ပဉ္စ ယာစိတော၊
ဧကော ကပ္ပေါ နုမောဒနာ၊ ဒေသိတော စ အသင်္ချေယော။)
ရှေးဦးစွာ လင်္ကာပါအတိုင်း အကျိုးရနိုင်,မရနိုင် မစိစစ်မှီ၊ ပါဠိတော် အဋ္ဌကထာတို့၌ လာသော တရားနာခြင်း စသည်တို့၏ အကျိုးတရားတို့ကို ဖော်ပြချင်ပါသည်။
နာ-ကိုး
အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မဿဝန သုတ်တွင် တရားနာခြင်းဖြင့် အကျိုးငါးပါး ရနိုင်ကြောင်း အောက်ပါ အတိုင်းဟောတော်မူထား၏။
ရဟန်းတို့ တရားနာခြင်း၌ ၊ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း-
အဘယ်ငါးမျိုးတို့နည်းဟူမူ-
  1. မကြားဘူးသည်ကို ကြားနာရ၏၊
  2. ကြားဘူးသည်ကို ဖြူစင်စေ၏၊
  3. ယုံမှားမှုကို ကူးမြောက်နိုင်၏၊
  4. အယူကိုဖြောင့်မှတ်စွာ ပြုနိုင်၏၊
  5. ထိုသူ၏ စိတ်သည် ကြည်လင်၏။
ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု-(မိန့်တော်မူ၏)။ (အင်၊မြန်၊၂၊၂၇၂)
ထို့ပြင် တရားတော်ကို ကြားနာခြင်းဟူသော သောတသာဝန၊ နှုတ်ဖြင့် သရဇ္ဈာယ်ခြင်းဟူသော ပရိစိတ၊ စိတ်ဖြင့် အဖန်ဖန်ကြံစည်ခြင်းဟူသော မနသာအနုပေက္ခိတ၊ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိခြင်းဟူသော ဒိဋ္ဌိယာသုပနိဝိဒ္ဓ၊ ဤလေးပါးသောကိစ္စတို့ဖြင့် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် လေးပါးသော အကျိုး တရားတို့ကို ရနိုင်ကြောင်းအင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ သောတာနုဂတသုတ်တွင် ဟောတော်မူထား၏။ (အင်၊မြန်၊၁၊၅၁၉)
လေးပါးဟူသော်ကား-….
၁။မေ့လျော့သည်ဖြစ်၍ လုူ့အဖြစ်ကို စွန့်ရသည်ရှိသော် အထက်နတ်ပြည်၌ဖြစ်ရ သဖြင့် ရှေးဘ၀၌ကြားနာအပ် အားထုတ် အပ်သော ပရိယတ္တိတရားရှိသောပုဂ္ဂိုလ်သည် ကြည်လင်သောကြေးမုံပြင်၌ထင်သော မျက်နှာ ရိပ်ကဲသို့ အလိုလိုပင် ထင်ခြင်းသို့ ရောက်သဖြင့် မဂ်ညဏ်၊ ဖိုလ်ညဏ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းတစ်ပါး။
၂။မိမိအလိုလိုပင် တန်းခိုးကြီးသောရဟန်းတို့ဟောပြော၍ ထပ်မံနာရပြန်သောအခါ၌ လိမ္မာသောယောက်ျား သည် အရပ်တစ်ပါး၌ စည်ကြီးသံကိုကြားသည်ရှိသော် ကြားသောခဏ၌စည်းကြီးသံဟု မတွေမဝေ သိနိုင် သကဲ့သို့ တရားသံကိုကြားရသောခဏ၌ မတွေမဝေသိသဖြင့်လောကုတ္တရာ တရားအထူးကို ရခြင်းတစ်ပါး။
၃။တန်းခိုးကြီးသောရဟန်း မဟောသော်လည်း သုဓမ္မာသဘင်၌ သနင်္ကုရဗြဟ္မာ သိကြားမင်းတို့ ဟောပြော၍ ကြားနာရသော ခဏ၌ မဂ်ဖိုလ်ရခြင်းတစ်ပါး။
၎။ထို့သို့ပင် မဟုတ်သော်လည်း အပေါင်းအဖော်နတ်တို့ သတိပေး၍ မဂ်ဖိုလ်ရခြင်းတစ်ပါး။ ဤလေးပါးတို့တည်း။
အထက်ပါဖော်ပြချက်တို့တွင် ဓမ္မဿဝနသုတ်လာ ငါးပါးသောအကျိုးတရားတို့သည် ယခု မျက်မှောက် ဘ၀အတွက်ဖြစ်၏။ သောတာနုဂတသုတ်လာ လေးပါးသောအကျိုး တရားတို့သည် နောင်တမ လွန်ဘ၀ အတွက်ဖြစ်၏။
သို့သော် ထိုအကျိုးတရားတို့ကို လူတိုင်း မုချ အလွယ်တကူ ရနိုင်ကြသည် မဟုတ်ကုန်။
အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ်၊ ဒုက္ကထာသုတ်၌ ဟောတော်မူသည့်အတိုင်း သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ မရှိသူတို့အား ထိုသဒ္ဓါစသောတရားတို့သည် မကောင်းသော စကားတို့သာဖြစ်၏။
ထို့ကြောင့် ထိုသူမျိုးတို့အား ထိုသဒ္ဓါတရားစသည်နှင့်စပ်သော တရားစကားတို့ကို ကြားနာရသော အခါ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇစသည်မဖြစ်၊ နှလုံးမသာယာခြင်း ဒေါမနဿ စသည် တို့သာဖြစ်၏။ ထို့ကြောင့် ထိုသူမျိုးတို့အား တရားနာရခြင်း အကျိုးတရားတို့ ပြည့်ပြည့်၀၀ မဖြစ်ပွားကြကုန်။
အကျိုးတရားခံစားကြရသူတို့တွင်လည်း ဤဘ၀မဂ်ဖိုလ် ရထိုက်သုတို့သည် ဤဘ၀၌ပင် မဂ်ဖိုလ်ကို ရနိုင်ကြကုန်၏။
ဤဘ၀၌ မဂ်ဖိုလ်မရထိုက်သူ အချို့သည် နောက်ဘ၀၌ မဂ်ဖိုလ်ရနိုင်ကြကုန်၏။ အချိုသူတို့အား အထုံဝါသနာ အနေအားဖြင့်သာ ဖြစ်ကုန်၏။ သို့ရကား တရားနာရခြင်း၏ အကျိုးတရားတို့ကို ဘ၀ဖြင့်ပိုင်းခြား၍ မဖြစ်နိုင် ပါချေ။
တောင်း ရှစ်
မြန်မာနိုင်ငံတွင် တရားမဟောမီ ၀တ်အဖွဲ့ ၊ နိဗ္ဗာန်ဆော်၊ ပန်းဒကာ စသူတို့က မိမိတို့ရရှိထားသော တရားတောင်းလင်္ကာများဖြင့် တရားဒေသနာများ ချီးမြှင့်ဟောကြားတော်မူပါရန် ရွတ်ဆိုတောင်းပန်ကြကုန်၏။ သို့ရာတွင် ထိုသူတို့အား တရားတောင်းသူ အစစ်ဟု မဆိုနိုင်ကုန်။ ထိုသူတို့ မတောင်းပန်လျှင်လည်း တရား ပွဲဖြစ်မြောက်အောင်တာဝန်ယူပင့်ဖိတ်သူ၊ စီစဉ်ဆောင်ရွက်သူ အလှူရှင် တို့က လျှောက်ထားတောင်း ပန်ပြီး ဖြစ်သောကြောင့် ဟောမည်ပင်ဖြစ်၏။ ထိုကြောင့် ထိုဓမ္မဒါန ကုသိုလ်ရှင် စီင်္စဉ်ဆောင်ရွက် သူတို့သာ မူလတရားတောင်းသူတို့ ဖြစ်ကုန်၏။ ထိုသူတို့သည် တရားဟော သူနှင့်မခြား ဓမ္မဒါန ကုသိုလ်တရားတို့  ဖြစ်ပွားရရှိကြကုန်၏။
မှန်၏။ ကုသိုလ်အမှု၌ဖြစ်စေ၊ အကုသိုလ်အမှု၌ဖြစ်စေ ကိုယ်တိုင်ပြုသူ (သာဟတ္တိက) စေခိုင်းတိုက်တွန်းသူ (အာဏတ္တိက) အကျိုးပြ၍ ချီးမွမ်းသူ (၀ဏ္ဏဘာသန) ကျေနပ်သဘောကျသူ(သမနုညာ)တို့အား ထပ်တူအကျိုးရနိုင်ကြောင်း အဖွင့်အဋ္ဌကထာများ နှင့်အညီ ရှေးဆရာတို့ ဤသို့လင်္ကာဖွဲ့ဆိုပြတော်မူထား၏။
“ကမ္မပထ၊ ဆယ်ပါးပြ၌၊ နှစ်ဝ ဒု-သု၊ ကိုယ်တိုင်ပြုနှင့်၊ သူတို့စေငြား၊ ရွှင်အားနှစ်သက်။ ချီးမွမ်းမြွက် ဟု၊ လေးချက်ဆီလီ၊ လေးဆယ်စီတည်း၊ မျှညီ ပြစ်ကျိုး၊ တူရိုးအဟုတ်၊မြတ်သမ္ဗုဒ်တို့၊ မယုတ်မပို၊ ဟောမိန့်ဆိုခဲ့။ (မဃဒေ၀၊၂၃၀)
ဓမ္မဒါနကုသိုလ်ရှင်ဟု ခေါ်ဆိုကြသော တရားပွဲဖြစ်မြောက်ရန် မတည်လှူဒါန်းသူ အလှူရှင်သည် ဓမ္မကထိက ပုဂ္ဂိုလ်အားလည်း ဓမ္မဒေသနာကုသိုလ်ဖြစ်စေသူ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အားလည်း ဓမ္မဿဝနကုသိုလ်ဖြစ်စေသူ တရားဟောသူ တရားနာသူ စီစဉ်သူအားလုံးတို့အား အာမိသဒါန ဓမ္မဒါန တို့ကို ဖြစ်ပွားစေသူ ဖြစ်သဖြင့် လွန်စွာကျေးဇူးများလှ၏။
သို့ရာတွင် ထိုသို့တောင်းပန်သူ တိုက်တွန်းသူများ ဘ၀ပေါင်းမည်မျှအကျိုးပေးနိုင်၏ ဟု ဘ၀ဖြင့် ပိုင်းခြား၍ ဟောပြသော ဒေသနာတို့ကို မတွေ့ရပေ။ မေးခွန်းပါ တရားနာခြင်း၊ ဟောခြင်း တောင်းပန်းခြင်း သာဓုခေါ်ခြင်း အမှုတို့သည် ဒါန သီလ ဘာဝနာ ဟု ကုသိုလ်အမှု့ သုံးခုရှိရာတွင် ဘာဝနာကုသိုလ်တွင် စာရင်းဝင်၏၊ ဘာဝနာကုသိုလ်၏ ပန်းတိုင်သည်လည်း မဂ်ဖိုလ်နိဗ္ဗာန် မြန်မြန်ရရန်ဖြစ်၏။ ထို့ကြောင့် အကျိုး တရားတို့ကို ဘ၀ဖြင့် ပိုင်းခြားပြစရာ မလိုဟု ယူဆပါသည်။
သာဓု တစ်
တရားနာရာ၌ သာဓုခေါ်ရခြင်း၏ အကျိုးပြ ၀တ္ထုသက်သေတစ်ခုကို အင်္ဂုတ္တိုရ် အဋ္ဌကထာမှ ထုတ်နှုတ်ပြပါမည်။
မြတ်စွာဘုရားသခင် သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခိုက် တစ်ယောက်သော သူဌေးသမီး၏ လင်ယောက်ျားသည် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ “ ဤတရားကို လူ့ဘ၀ဖြင့် ဖြည့်ကျင့်ခြင်းငှါ မလွယ်ကူ” ဟု ယူဆကာ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတစ်ပါး၏ အထံ၌ ရဟန်းပြုလေ၏။
ထိုသူ၏မယားကို ပသေနဒီကောသလမင်းကြီးက သိမ်းပိုက်ကာ ကိုယ်လုပ်မောင်းမအရာ၌ ထားလေ၏။ တနေ့သောအခါ ကြာညိုပန်းတစ်စည်းကို ယူ၍ မောင်းမတစ်ယောက်စီအား ကြာညိုပန်း တစ်ပွင်စီပေးစေ၏။ ထိုသို့ဝေဘန်ရာတွင် ထိုရဟန်းဝတ်သွားသူ၏ မယားဟောင်းသည် ပန်းနှစ်ပွင့်ရလေ၏- ထိုမောင်းမသည် ပြုံးပျော်ကြည်နူးကာ ပန်းတို့ကို နမ်းရိုက်လျှင် လင်ဟောင်းဖြစ်သော ရဟန်းကို အောက်မေ့သတိရသဖြင့် ငိုကြွေးမိလေ၏။ မင်းကြီးသည် ထိုမိန်းမ၏ ပြုံးရီလိုက် ငိုလိုက် ဖြစ်နေပုံကို တွေ့မြင်၍ ခေါ်ကာမေးလေလျှင် “ကြာညိုပန်း နှစ်ပွင့်ရသဖြင့် ၀မ်းသာကာ ပြုံးရယ်မိကြောင်း ကြာပန်းကို နမ်းရှိုက်စဉ် ခံတွင်းမှ ကြာညိုပန်းနံထွက်သော ယခုရဟန်းပြုသွားပြီဖြစ်သော လင်ဟောင်းကို သတိရသဖြင့် ငိုကြွေးမိကြောင်း အကြောင်းစုံကို လျှောက်တင်လေ၏။
ပသေနဒီကောသလမင်းကြီးသည် သုံးကြိမ်တိုင်တိုင်မေးမြန်း စစ်ဆေး၍ မယုံကြည်သေးသဖြင့် နောက်နေ့တွင် နန်းတော်သို့ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို ပင့်ဖိတ်၍ အလှူကြီးပေးကာ ဆွမ်းကိစ္စပြီးသောအခါ၌ ထိုမောင်းမကို မေးမြန်းမှတ်သား၍ ဘုရားရှင်အား ရှိခိုးကာ “အရှင်ဘုရား၊ ရဟန်းအပေါင်းနှင့် တကွ ပြန်ကြွတော် မူပါ။
တပည့်တော်တို့အား ဤမည်သောရဟန်း တရားဟောပါလိမ့်မည်”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် (သူဌေးသမီး၏ လင်ယောက်ျားဖြစ်ဘူးသော) ထိုရဟန်းကို ချန်ထား၍ ပြန်ကြွတော်မူ၏။
မထေရ်သည် အနုမောဒနာတရား ဟောအံ့သောငှါ ပါးစပ်ဟလိုက်လျှင်ပင် နန်းတော်တစ်ခုလုံး နံ့သာကြုတ် ကဲ့သို့ဖြစ်၍ အလွန်မွှေးကြိုင်သွား၏။ မင်းကြီးသည် မောင်းမ၏ စကားကို ယုံကြည် သွားပြီး နောက်နေ့၌ ဘုရားရှင်ကို မေးလျှောက်လေ၏၊
မြတ်စွာဘုရားသည် “ဤရဟန်းကား အတိတ်ဝေးစွာ ရှေးအခါတုန်းက တရားစကား နာကြားရသည်ရှိသော် “သာဓုသာဓု” ဟု ကောင်းချီးနုမော် သာဓုခေါ်လျက် ပတ္တာနုမောဒန ကုသိုလ်ကို အရိုအသေ ဖြစ်စေခဲ့ဖူးလေပြီ ။ ထိုကုသိုလ် အကြောင်းရင်းကြောင့် ဤသို့သော အကျိုးအာနိသင်ကို ရရှိခြင်းဖြစ်၏။ ဟု မိန့်တော်မူ၏။
(အံ၊ ဋ္ဌ၊ ၁၊ ၂၂ )
“သတည်း” ချတိုင်း ၀တ္တရားအရ သာဓုခေါ်ရခြင်းမျိုးမဟုတ်ပဲ တရားတော်၌ နားစိုက်ကာ ဓမ္မရသ သောက်သုံးရသဖြင့် အားရရွှင်လန်း ၀မ်းမြောက်သည့်အနေ ချီးမွမ်းသည့်အနေဖြင့် သာဓုခေါ်နိုင်လျှင် ၀ဏ္ဏဘာသန ပတ္တာနုမောဒန ကုသိုလ်တရားများ ဟောသူနှင့်မခြား အလားတူ ရရှိနိုင်သည်။
ဟောလစ် အသင်္ချေ
သံယုတ်ပါဠိတော် ကိံဒဒသုတ်တွင် “ အမတံဒဒေါ စ သော ဟောတိ ၊ ယော ဓမ္မမနုသာသတိ။ “အကြင်သူသည် တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမ၏။ ထိုသူသည် အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်မည်၏” ဟု ဘုရား ရှင်ဟောတော် မူပါသည်။( သံ၊ ၁၊ ၂၉)
ယင်းသုတ်၏ အဋ္ဌကထာ အဖွင့်တွင် “ တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမခြင်း- အရ အကြောင်းအကျိုးကို အစဉ်အားဖြင့် ဆုံးမခြင်း ပိဋကတ်သုံးပုံ၏ အဋ္ဌကထာကို ဖွင့်ဆိုပြသခြင်း၊ ပါဠိတော်ကို ပို့ချခြင်း၊ ကမ္မဋ္ဌာန်းတရား ညွှန်ကြားပြသခြင်း၊ သူတစ်ပါးတို့အား တရားနာအောင် သွေးဆောင်တိုက်တွန်းခြင်းတို့ ပါဝင်ကြောင်း ဖွင့်ဆို ရှင်းပြထား၏။ (သံ၊ ဋ္ဌ၊၁၊၇၉)
တဖန် အများသိပြီးဖြစ်သော ဓမ္မပဒပါဠိတော်လာ “ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ” (ခပ်သိမ်း ဒါန ဟူသမျှတွင် ဓမ္မဒါန တရားအလှူ မြတ်ဆုံးဟူ၏။ ) ဟူသော ဂါထာပါဒ၏ အဋ္ဌကထာအဖွင့်ကို အဓိပ္ပယ်သိသာရုံမျှ ဘာသာပြန်ပြရလျှင်-ဤစကြ်ာဝဠာတိုက်အတွင်းမှသည် ဗြဟ္မာပြည်တိုင်အောင် စည်ဝေးတည်နေတော် မူကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့အား မွန်မြတ်ကုန်သော ဆွမ်း ၊သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါးတို့ကို ပေးလှူရာ၏ ။
ထိုပေးလှူအပ်သော အာမိသဒါန ကုသိုလ်သည် ထိုအစည်း အဝေး၌ လေးပါဒမျှရှိသော ဂါထာတစ်ပုဒ်ကို ဟောကြားအပ်သော ပုဂ္ဂိုလ်၏ ဓမ္မဒါနကုသိုလ်ကို ၁၆-စိတ်(၀ါ) ၂၅၆ စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမှီနိုင်။အဘယ်ကြောင့်ဆိုသော် ထိုဆိုအပ်ပြီးသော ကုသိုလ်ကြီးတို့ကို ပြုလုပ်နိုင်ကြခြင်း သည် တရားတော်ကို နာရ၍သာ ပြုလုပ်နိုင်ကြခြင်း ဖြစ်၏။
အကယ်၍သာ တရားတော်ကို မနာရသဖြင့် အကျိုးအကြောင်းကို မသိမြင် မယုံကြည်နိုင်ကြလျှင် ယာဂုတစ်ရှုတ် ဆွမ်းတစ် လုပ်ကိုမျှ လှူနိုင်ကြလိမ့်မည်မဟုတ်ကုန်၊ ဤအကြောင်းကြောင့် ဓမ္မဒါနသည် ခပ်သိမ်းသော ဒါနတို့ထက် သာလွန်မွန်မြတ်၏။
တစ်နည်းလည်း ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါတို့မှ တစ်ပါး ရွာသွန်းနေသော မိုးရေမိုးပေါက် တို့ကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော ပညာနှင့်ပြည့်စုံသော အရှင်သာရိပုတ္တရာအစရှိသော ပုဂ္ဂိုလ်တို့သည်ပင် မိမိတို့ အလိုလို သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ခြင်းငှါ မတတ်နိုင်ကုန် ။ အရှင်အဿဇိမထေရ် စသော ပုဂ္ဂိုလ်များ ဟောကြားတော်မူအပ်သော တရားဒေသနာများကို နာကြားရမှသာ မဂ်ဖိုလ်ရနိုင်ကြပါသည် ။ ဤအကြောင်းကြောင့်လည်း အလှူအားလုံးထက် တရားအလှူက သာ၍မြတ်၏ ။
ဤမျှဖြင့် ဟောခြင်း နာခြင်းတို့၏ အကျိုးတရားတို့ကို အမြွက်မျှသိရပေပြီ။ နာကိုးတောင်းရှစ် စသည်ဖြင့် ဘ၀ဖြင့် ပိုင်းခြားပြသော အကျိုးတရားတို့ကို ပိဋကတ်တော်၌ တိုက်ရိုက် မတွေ့ရသော်လည်း မဖြစ်နိုင်ဟု မမှတ်ယူစေလို၊ ထိုထက်သာ၏-ဟုပင် ဆိုနိုင်ပါသည်။ အကြောင်းမှာ တရားနာရခြင်း ဟောရခြင်းတို့ကြောင့် ဘ၀ကိုမုန်းကာ ဘ၀ဆုံး အောင် အားထုတ်သဖြင့် မြန်မြန်နိဗ္ဗာန်ရနိုင်သောကြောင့် ဖြစ်ပါသည် ။
အားလုံးပဲစိတ်​၏ ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနှင့်​ပြည့်​စုံကြပါ​စေ။
လူမုန်း (ဓမ္မ​ရောင်​စဉ်​)
ဥပုသ်​၏အနှစ်​သာရနှင့်​ ရက်​သတ်​မှတ်​ပုံ
        ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ
တယ်။ ဒါပေမဲ့ ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်၊ အဓိပ္ပါယ်ကစပြီး အကျိုးကျေးဇူးပါ အလေးအ
နက်သိဖို့ လိုပါတယ်။ 
         ဥပုသ်စောင့်တယ် ဆိုတဲ့ နေရာမှာ ဗုဒ္ဓဘာသာတင် မကဘူး အခြားအခြားသော ဘာသာ
တွေကလည်း ဥပုသ်စောင့်တယ်ဆိုတဲ့ ဝေါဟာရကိုသုံးကာ အသံတူများ ရှိကြပါတယ်။ တစ်ခါ
တစ်ရံ အသံတူသော်လည်း အဆံမတူဘူး ဆိုတာလို ရည်ရွယ်ချက် အနှစ်သာရပိုင်းမှာ ကွာခြား
မှုတွေ အများကြီးရှိပါတယ်။ အခြားဘာသာတွေလည်း သူတို့ရည်ရွယ်ချက်နဲ့သူ အသံတူဥပုသ်
စောင့်ကြပါတယ်။ 
        ဗုဒ္ဓဘာသာ ဥပုသ်စောင့်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လောဘတွေ လျော့ကျဖို့၊ ဒေါသ
တွေ လျော့ကျဖို့၊ မောဟတွေ လျော့ကျဖို့ပါ။ ဆိုလိုတာက အကုသိုလ်တွေ လျော့နည်းသွားပြီး
ကုသိုလ်ဘက်က တိုးသထက် တိုးပွားလာအောင် အကျင့်တရား တစ်ခုကို ဒီနေ့ဒီရက် အချိန်
ကန့်သတ်ပြီးတော့ စောင့်သုံးစောင့်ထိန်း ကြတာ ဖြစ်ပါတယ်။
        ဒီတော့ နံနက်အချိန်မှာ ရှစ်ပါးသီလကို ခံယူဆောက်တည် လိုက်ကြတယ်။ ဆောက်တည်
တယ် ဆိုတာကလည်း ဒီအတိုင်း လိုက်နာမယ်လို့ ကိုယ့်ကိုယ်ကို စည်းကမ်းချပြီးတော့ ကိုယ်နုတ်
နှလုံး သုံးပါးလုံး ချုပ်တည်းပြီးတော့ စောင့်စည်းတာပါ။
         ရှေးပိုင်းခေတ်ကာလတွေမှာ ၀ါတွင်း သုံးလလုံးလုံး ဥပုသ်စောင့်တတ် ကြပါတယ်။ ယခု
ခေတ် မြန်မာနိုင်ငံတစ်ဝှမ်း ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ဥပုသ်စောင့်တာက လဆန်း ၈ ရက်
လပြည့်၊ လပြည့်ကျော် ၈ ရက်၊ လကွယ်ရယ်လို့ တစ်လမှာ လေးသီတင်း သတ်မှတ်ပြီး ဥပုသ်
စောင့်လေ့ ရှိကြပါတယ်။ တချို့ကလည်း “ ပဋိဇာဂရ ဥပုသ် ” ဆိုပြီးတော့ ဥပုသ်နေ့ မရောက်
ခင် တစ်ရက်ကြိုပြီးတော့ စောင့်ပါတယ်၊ ဥပုသ်ထွက် တစ်ရက်ပိုပြီးတော့ စောင့်ပါတယ်၊ ဥပုသ်
တိုင်း သုံးရက်ဆိုတော့ တစ်လမှာ ၁၂ ရက် စောင့်တတ်ကြပါတယ်။
       မြတ်စွာဘုရား လက်ထက်တော် အခါကာလတုန်းက သောတာပန်ဖြစ်တဲ့ ၀ိသာခါကျောင်း
အမကြီးတွေလို သောတာပန် ပုဂ္ဂိုလ်တွေလည်းပဲ ဥပုသ်ကိစ္စကို မြတ်မြတ်နိုးနိုးထားပြီး သီတင်း
နေ့ဆို ဥပုသ်စောင့် ကြပါတယ်။ သူတော်စင် သူတော်မြတ်တို့ကလည်း ဗုဒ္ဓဘာသာဝင် အနေနဲ့
ဥပုသ်ကိစ္စကို မြတ်မြတ်နိုးနိုးထားပြီး  သီတင်းနေ့ဆို ဥပုသ်စောင့်နိုင်ကြကာ နိဗ္ဗာန်ချမ်းသာသို့
တိုင် ရရောက်နိုင်ကြပါစေ ကုန်သတည်း။
 {ဒေါက်တာ အရှင်နန္ဒာမာလာဘိဝံသ
ဟောကြားတော်မူသော“ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်” တရားတော်ကို ကိုးကားရေးသားပူဇော်
ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
လူမုန်း (ဓမ္မ​ရောင်​စဉ်​)
သင်္ကြန်​ အ​ကြောင်း သိ​ကောင်းစရာ
သင်္ကြန်ပွဲတော် ဟူသည် မြန်မာပြည်အပါအ၀င် အရှေ့တောင် အာရှဒေသ၏ နှစ်သစ်ကို ကြိုဆိုသည့်အနေအားဖြင့် ကျင်းပသည့် ပွဲတော်တခု ဖြစ်သည်။"ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္က တဘာသာ"သင်္ကြန္တ"တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်"ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါ၏ ။
          သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့ သင်္ကြန်၊ ထိုင်းတို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအိုတို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ်
သင်္ကြန်အကျဉ်း ဆိုလိုရင်း
-------------------------------------------
        အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။   ဒီိတော့ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း ပြောင်းရွှေ့ခြင်း လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ် ။
သင်္ကြန် အကျယ် သိမှတ်ဖွယ်
-----------------------------
          သင်္ကြန်ရဲ့  အဓိပ္ပါယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလယ်ဖို့ မလွယ်ကူဘူး ထင်မိပါတယ်  ။ ဒါကြောင့် အကျယ်ချဲ့  လေ့လာကြည့်တဲ့ အခါမှာတော့ ဤသို့ အကျယ်အားဖြင့် လေ့လာ သိရှိ မှတ်သားခဲ့ရပါတယ်   ။
           ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့် ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့  
အဿဝနီ နက္ခတ် ပထမပတ်သို့ စတင် ၀င်ရောက် ပါတယ်.. ယင်းသို့ ရာသီခွင်တပတ်လည် ၀င်ရောက်စအချိန်ကိုရာသီတခုမှ ရာသီတခုသို့ ကူးပြောင်း သောကြောင့်"သင်္ကြန်" ကျသည်ဟုခေါ်ဆိုပါတယ် ။
စူဠ မဟာ  သင်္ကြန်အခါ
-------------------------
          တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ကြိမ် ကူးပြောင်း သည်ဟု ဆိုနိုင်ပါတယ် 
          ဒါပေမဲ့ ယင်းကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေသည့် အတွက် လူတို့ က အလေးအနက် မထားမကြပါဘူး ။
          ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုသာ အလေးဂရုပြု ကာဖြင့်  နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ ကူးပြောင်း ခြင်းကို သာလျှင် "သင်္ကြန်"ဟုလည်းကောင်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်"ဟုလည်းကောင်း အလေး အမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော် ဆင်နွှဲ ကျင်းပ ကြပါတယ် ။
           ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ်အဆုံးပိုင်းရက်များ တွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြသော အနောက်နိုင်ငံ များနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ ဖြစ်သည်ဟု သတိပြုနားလည်ရမည်ဖြစ်ပါတယ်
 သင်္ကြန် ကြို..အကျ ...အယူ အဆ
       တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိတယ်။ သိကြားမင်း လူ့ ပြည်ဆင်းချိန် သည် "သင်္ကြန်ကျချိန်"ဖြစ်၍...မဆင်းမီ တရက် အလို သိကြားမင်းကို ကြိုဆိုသော နေ့ကိုတော့  "သင်္ကြန်အကြိုနေ့" ဟု ခေါ်ဆိုကြတယ် ဟု ယူဆ ဖေါ်ပြလေ့ ရှိပါတယ် ။
သင်္ကြန်ကျရက်  ဤသို့တွက်
-----------------------------
        အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့ သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ပင် ဖြစ်ပါတယ်။    အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ် ။
          သင်္ကြန်ပုံပြင် ဖတ်လိုလျှင်
          --------------------------
           တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားလက်ဆုံ ပြောကြရာ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပြီး ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသတဲ့ ။
           ထို့နောက် ရှုံးတဲ့သူ က ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသတဲ့ ။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။
           ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ။
          ထို ဗြဟ္မာ ဦးခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်ထဲသို့ ရောက်သည့်အခါမှ သိကြားမင်းမှာ စဉ်းစားမိသည်မှာ......။  မြေပေါ်ချထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်လိမ့်မည် ရေ တွင် ထားပါက လည်း သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည် လို့ပါပဲ ..ဒီတော့ မြေမှာလဲ မထား..ရေ သို့လို့ မပို့တော့ပဲ့  နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မာဦးခေါင်းကို ကိုငထာ်းထားရန် တာဝန်အပ်နှံပေးထားလိုက်ပါတော့သတဲ့ ။
           ထို နတ်သမီးတွေရဲ့ တစ်ဦးနဲ့ တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်း ကိုလည်း သင်္ကန္တ ဟို ခေါ်ပြီး ထိုမှ ရွေ့လျှော ဆင်းသက်ရာမှ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့
          မြန်မာပြည်တွင် တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။
   ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့နော်။
မြန်မာသင်္ကြန်ပွဲတော်များ အစ ...ပုဂံခေတ်က
---------------------------------------------
          ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့ပါတော့တယ် ။
          အချိန်မှီ သိရှိသဖြင့် ဘုရင့်အသက် မသေခဲ့သော်လည်း မိဖုရားစောလုံကိုတော့ မီးကျီးခဲ ရဲရဲတွင် မီးကင် သတ်စေခဲ့ပါတယ် ။သင်္ကြန် အစ၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ
ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ
-----------------------------------------------
          ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ ဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော် ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။   အဲဒါတွေကတော့ အတာသင်္ကြန်အခါတွင်
          ရုဒံ- ငိုကြွေးခြင်းကိုသော်လည်းကောင်း၊ မေထုနဉ္စ-မေထုံမှီဝဲခြင်းကိုသော် လည်းကောင်း၊ မံသံ -ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော်လည်းကောင်း၊ သူရ-သေရည်သေရက်သောက်ခြင်း ကို သော်လည်းကောင်း၊ကောဓောစ -အမျက်ထွက်ခြင်းကိုသော်လည်း ကောင်း၊ ရုဓံ- သွေးထုတ်ခြင်းကို သော်လည်းကောင်း၊ တေလိကံ- ဆေးဆီလိမ်းခြင်းကိုသော်လည်း ကောင်း၊ နကေရ-မပြုရာ၊ မရောင်း အပ်။ဣမာနိဒသ ကမ္မာနိ- ဤသို့ ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ -သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။ မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမူ
          (၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။ 
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။ 
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်
          ထို(၁၀)ပါးသေားအမှု့တို့ကို မကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် ခွေးသရေပေါ်တွင် မှတ်တမ်းသွင်းကာ မကောင်းသောကြည့်ခြင်းဖြင့်  လူဆိုးစာရင်းသွင်း  မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ်သားရပါတယ်
          ဒါကြောင့် ပျို့ကဗျာတွေမှာ ”မင်္ဂလာစကား၊လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊ သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊လူလိုစင် ထား၊မြင်းမိုရ်ဖျားဝယ်၊ သိကြားသော် မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန် အလိုတည်း” အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။
          သင်္ကြန်အတွင်းမှာ မကောင်းသော အပြု အမူ အပြောအဆို အကြံစည်တွေကို ရှေင်ကြဉ်ရပါတယ် ။
သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
        "မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို သုံးစွဲ နေတာကို တွေ့ရပါမယ် ။
        "အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် "အန္တ-အဆုံး End"ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။
  ယင်းအလို အားဖြင့် "အတာ"ဟူသည် " နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါတယ် 
အတာရက်ကို ဤသို့ဆို 
-------------------------
"အတာရက်"မှာ သင်္ကြန် အတက်ရက် ဖြစ်၏။နှစ်တနှစ်၏နောက်ဆုံးရက်ပင် ဖြစ်တယ် ။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ် လာပါတယ်။
ဒါကိုပင် အတာစားသည် ဟု ပြောဆို သုံးစွဲနေကြပါသေးတယ် ။
          အတာစားသည့်  နေ့နံသားသမီးတို့သည် အတာတက် မည့် အချိန်အတိအကျတွင် "အတာစား" ရပါတယ်။ "အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ခြင်း စသည်ဖြင့် ဖေါ်ပြထားတာတွေ လေ့လာ ဖတ်ရှု့ရပါတယ်
အတာစားခြင်းအကျိုး   အမျိုးမျိုး
------------------------------
အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ရှေးပညာရှိတို့ ရေးဖွဲ့ ခဲ့သည်နှင့် အညီထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည် ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။" ဟု မှတ်သားရဖူးပါတယ်..
အတာအိုး အတာပန်း .....
-------------------------
          အတာအိုးကို သင်္ကြန်ကို စောင့်ကြို သည့်အနေဖြင့် သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင် ရသည်။ 
(၇) ရက်သားသမီးတို့ အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ် စေ ရေပြည့်အိုးမှာ ထည့်ကြလေ့ ရှိပါတယ် ။
         စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဖို့ ဆုတောင်းဆုယူပြုလေ့ရှိပါတယ်  .။
 ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြခြင်း
-------------------------------------
         သင်္ကြန် ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ်  ။ သင်္ကြန် ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ် ။
ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေး ကြရသည်။ 
အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြ ရသည်။
သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ သည်။
(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြ ရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။) 
သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။          
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ ကျန်နေသော အညစ်အကြေး များ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂလာ ပြုခဲ့ကြပြီး အတိတ်ကောင်း ယူကာ  ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ကြပါတယ် ။
        ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါ အတိုင်း ဖော်ပြ ထားပါတာကို ဖတ်ရှု့ မှတ်သားရဘူးပါတယ် 
        "ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်း သည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်းသို့ ပြောင်းခဲ့သည် ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊ လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။ 
        တေသံ၊ ထိုဦး ခေါင်းဆေး ကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့ သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏ အဘို့  ဖြစ်ကုန်သော။   သတသဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။" 
        ဤအထက်ဖေါ်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင် သင်္ကြန်ကာလများမှာ ဦးခေါင်းဆေး မင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတော့တယ်  
        နိဂုံးချုပ်အားဖြင့် မူ သင်္ကြန်ဆိုတာ ပြောင်း လဲ ခြင်းလို့ နားလည်ခဲ့ရပါပီ .. ဒီ ပြောင်းလဲ ခြင်းဟာ ဘယ်တော့မှများ အဆုံးသတ်ပါလိမ့်ဟုလဲ တွေးကြည့်မိပါတယ်...ပုထုဇဉ်ဘ၀ နဲ့ သံသရာတစ်ခွင် ကျင်လည်ခဲ့ရအုံးမယ်ဆိုရင်ဖြင့် နိမ့်တုံတခါ  မြင်ဘုံတစ်လှည့်ဖြင့် ပြောင်းလှည့်နေအုံးမှာဖြစ်တော့ တော်ရုံနဲ့ အဆုံးမသတ်နိုင်တော့ဘူးလို့ တွေးမိပါတယ်....
        လောကကြီး ထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်နေကြသူတွေဟာ တစ်နေရာကနေ တစ်နေရာဆီ ပြောင်းရွှေ့ပြီဆိုပါရင် ကိုယ်နဲ့ဆိုင်သည် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွားတတ်ကြပါတယ် ၊ အဲဒီလိုအခါမျိုးမှာလဲ ကောင်းနိုးနိုးရာရာ တန်ဖိုးရှိ သည့် မိမိနဲ့ အသုံးတည့်သော အရာများကိုသိမ်းဆည်း လေ့ရှိကြပါတယ် ။ တန်ဖိုးမဲ့ တဲ့ အရာတွေကို စွန့် ကာ ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းကို သာ မိမိနဲ့ တပါးတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ် 
        ဒီပုံသဖွယ်ပါပဲ...မိမိတို့ဟာ အမြဲမရှိလေသော သင်္ခါရ လောကနယ်မှာ လူဖြစ်လာကြသူတွေမို့ တစ်နေရာတည်းမှာ ထာဝရ ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့  ... နိမ့်ရာကနေ မြင့်ရာဆီ ၊ ဆိုးရာကနေ ကောင်းရာဆီ ..ကျရှုံးမှု့ မှသည် အောင်မြင်မှု့ဆီ ... ဒေသ တစ်ခုကနေ ဒေသ တစ်ခုဆီ စသည် စသည် ဖြင့်  ပြောင်းရွှေ့ရမှာတော့ သေချာပါတယ်.. နောက်ဆုံး တော့ ဒီဘ၀ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘ၀ ဆီ အထိ ပြောင်းရွှေ့ရအုံးမယ်.. 
        သတ္တ၀ါတွေမှာ ကံသာလျှင်ကိုယ်ပိုင် ဥစ္စာ ရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဘိုးနဲ ပြီး အပါယ်ကို ဆွဲချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား ...တန်ဖိုးကြီးပြီး မြင့်မြတ်သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘ၀တွေ ကို ရောက်စေနိုင်သည့် ကုသိုလ်ကံ တည်းဟူသော ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား
        ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန် အခါ အကြောင်း လေ့လာဆည်းပူးရင်း  နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန ၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှု့တွေကို ကြိုးစားပြုလို့  နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်တွေကို နှစ်ခဲ့ ကြပါစို့လား ...နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘ၀ကို သစ်လွင်တောက်ပြောင်လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းရင်း စာရေးသူရဲ့ အတွေးလေးတွေကို နိဂုံးချုပ်ပါရစေ။
လူမုန်း (ဓမ္မ​ရောင်​စဉ်​)
နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.
Twitter Delicious Facebook Digg Stumbleupon Favorites More
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review