ဒီကောင်လေးနှယ်ဟယ် ပျင်းလိုက်တာ
ဒီလောက်တောင်ပျင်းရင် နင်ဘုန်းကြီးဝတ်ပါလား အရပ်ထဲကမိခင်တို့၏ သားတော်မောင်တို့အား မကြာခဏ ဆုံးမတတ်သည့်
မဟာသြ၀ါဒ။
ဘုန်းကြီးတွေကတော့ ဇိမ်ပဲကွာ
ဘာမှမလုပ်ရဘူး ထီးထမ်းလမ်းလျှောက်ပဲ ဒို့တောင် ဘုန်းကြီး ၀တ်ချင်စိတ်ပေါက်လာပြီ မဟာပုရိသ မင်းယောက်ျားတို့၏ ကြီးမားလှသည့်
မဟာခံယူချက်။
ဦးဇင်းတို့ ဘုန်းကြီးတို့
ကိုရင်တို့များ ဘာမှပင်ပင်ပန်းပန်းမလုပ်ရဘူး ဟန်ကျလိုက်တာ တကယ်ဇိမ်ပါပဲ တပည့်တော်မ
ယောက်ျားလေးသာဆိုရင် ဘုန်းကြီးဝတ်ပြစ်လိုက်မှာ အိမ်ထောင်ရှင်မတို့နှင့် ငယ်ရွယ်သူ မရွှေချောတို့၏ ထက်မြက်စူးရှလှပေသည့်
အတွေးအမြင်ရှိသေး၏။
ကိုယ်တော်တို့ ဘာအလုပ်ရှိတာမှတ်လို့
ငိုလည်းရ ရယ်လည်းရ မဟုတ်လား
မကြာခဏ ကြားရ ဝေဖန်ခံရသည့် ဘုန်းကြီးဘ၀အား ဝေဖန်ရေးစကားလုံးများပါတည်း တဖက်သတ်အမြင်ပိုင်ရှင်
မဟာ ပညာကျော်တို့၏ ဘုန်းကြီးဘဝနှင့် ပတ်သက်၍ သုံးသပ်ချက်ဆုံးဖြတ်ချက် ကောက်ချက်ချစကားတို့ဖြစ်ပါ၏
၎င်းတို့၏အနှစ်ချုပ်ဆုံးဖြတ်ချက်သည် အပျင်း
နှင့် ဇိမ်ရှိရှိနေသူ ဟုသာ အဓိပ္ပါယ်ထွက်လာ၏။
ဤဘာသာကိုကိုးကွယ်ဆည်းကပ်နေသူ
ဘာသာဝင်တို့က ဘာသာဝန်ထမ်းရှင်ရဟန်းတို့အား ယင်းသို့ထင်မြင်ခြင်းသည် တဖက်သတ်မြင်ခြင်း
(သို့) လုံးဝမမြင်ခြင်းဟူ၍သာ ပြန်လည် သုံးသပ်ချက် ချလိုက်ပါသည်။
ဖော်ပြပါ
အဆိုရှင်ပုဂ္ဂိုလ်တို့၏ ထက်မြက်စူးရှလှသည့် စကားလုံးများနှင့်ပတ်သက်၍ မကြာခဏ အခြေအတင်ငြင်းခုန်ရတတ်ပါသည်
ရံခါကြမ်းတမ်းခက်ထန်သည့်စကားလုံးများနှင့်ပင် ပွဲသိမ်းရတတ်ပါသည်။
တခါတစ်ရံတော့လည်း
ခက်သည့် ဝတ္ထု နိပါတ် ပိဋကတ်နှင့် လျှာပြတ်အောင် ဟောသော်လည်း ဟောရင်းသာပျံတော်မူမည်
ဟူသော ဦပုည၏စာမေးပွဲကဲ့သို့သော လူမျိုးနှင့်ကြုံရလေ၏။ သဘောတရားတွေ အနှစ်သာရတွေနဲ့
ရွှေပြည်အေးလုပ်မရသည့်အဆုံး ကဲ ခဏဘုန်းကြီးဘဝငြိမ်းတယ် ဇိမ်ကျတယ် အညွန့်စားတွေဟု ခံယူရင်
ဒကာနှင့် ဦးဇင်းနေရာခြင်းလဲလိုက်ရအောင် သော့နောက်ပြန်ခတ်စတန်းပေါ့ ဟုပွဲသိမ်းလိုက်ရသည်
စင်စစ်တွင်မူ ကိုယ်တိုင်ပင်ရက်သတ္တပတ်မျှ ပြုလုပ်ရမည့်အရေး ဝန်လေးလှသည့် ဖြစ်အင်ကို
အမြင်တိမ်းစောင်းစွာ မဝေဖန်သင့်ပါ။
သာသနာတော်၌
ပေါ့ပေါ့တန်တန်နေသူမှာ မရှိဟုမဆိုလိုပါ ဓူရနှစ်ဖြာမှ ဝေးကွာမှုများမရှိဟုမငြင်းပါ။ ဇိမ်နှင့်တင်ပလ္လင်ချိတ်နေသူမရှိဟု
မပြောလိုပါ ရှိပါသည် မည်သည့်လောကသားမဆို အကျင့်ပျက်ဝန်ထမ်း ရေသာခိုဝန်ထမ်းရှိကြပါ၏
နိုင်ငံဝန်ထမ်း သာသနာ့ဝန်ထမ်း အဘယ်ဝန်ထမ်းလောကသားမဆို လက်ကြားယိုရှိကြစမြဲပင် မိမိတွေ့ကြုံဖူးသမျှဖြင့်ပင်
သတ်မှတ်ချက်မပြုသင်သေးပါ။
ယနေ့သာသနာတော်၌
ပရိယတ္တိစာသင်တိုက် အသီးသီးတွင်စာချ စာသင်တာဝန်များကို အချိန်ပြည့် ထမ်းဆောင်နေသည့်စာချ
ဘုန်းကြီးများ စာသင်သားများမှာ နေ့ဝါညဝါ မပြတ်ပရိယတ္တိသာသနာတော်အတွက် တာဝန်ထမ်းဆောင်နေကြရ၏။
ဓူရနှစ်ဖြာ၌
လုံးပမ်းအားထုတ်နေသူအတွက် ထီးထမ်းလမ်းလျှောက်ရန်နောက်ထား၍ ထီးကောင်းပင် ဆောင်းချိန်မရှိ
ဆောင်းစရာမရှိကြပါ။ ပဋိပတ္တိသာသနာတော်၌လည်း သူ့တာဝန်သူထမ်းဆောင်၍ ကျေပွန်နေကြသည်မှာ
မျက်မြင်ဖြစ်သည် တကယ်တမ်းဇိမ်ကျကျနေနိုင်သူဟူသည် ရေတွက်၍ ရစကောင်းပါ၏ ဇိမ်မကျနိုင်သည့်
ဘုန်းကြီးများ ထီးထမ်းလမ်းမလျှောက်နိုင်သည့် ဘုန်းကြီးများကား များဘိကောင်း။
နံနက်ခင်း
အလင်းအရုဏ်၌ ဝမ်းရေးအတွက်သပိတ်ပိုက်ထွက်ကြရ၏ နေပူမိုးရွာ အလွန်အေး မမှုနိုင် ရံခါလမ်းကြားလမ်းသွယ်
ရွှံ့ဗွက်ပယ်ပယ် နယ်နယ်၌ အိမ်စဉ်လှည့်ကာ ဆွမ်းခံကြရ၏ ဇိမ်ပဲကွာ ဟူသော ခံယူချက်သမားတို့
မိုးအေးအေးဝယ်အိမ်တွင်း အိပ်ယာထက်၌ စောင်ခြုံကွေးနေချိန်ပါတည်း။
၎င်းတို့၏
သားသမီးများကိုကား ဟဲ့ ရွှံ့ဗွက်တွေပေလိမ့်မယ် မသွားနဲ့ ထိုအထဲ၌ ပျင်းလျှင်ဘုန်းကြီးဝတ် ဆိုသည့် မိခင်လည်းပါပါလိမ့်မည်။
ဆက်၍ရှုပါဦး
မိမိ၏ဝန်းကျင်၌ လိုချင်တပ်မက်ဖွယ် ရုပ် ဝတ္ထု အာရုံ အဖုံအဖုံကို မတပ်မက်မစွဲလန်းရန်
သတိပညာနှင့် နေထိုင်ကြရပါ၏ နှစ်သက်ဖွယ် အဆင်အပြင်မှန်သမျှ ပယ်ဖြတ်ထားကြရပါ၏ ခေတ် ကာလ
သည် စက်ဆုပ်ဖွယ်ဟု သတ်မှတ်ထားသည့် ဆံပင်ကိုပင် အမျိုးမျိုးပြုပြင်နေကြရပါ၏ အဘယ်သူသည်
ယင်းဆံပင်ကို ဖြတ်တောက် ပယ်ရှားကြပါသနည်း မရွှေချောတို့ကော ပယ်ဖြတ်နိုင်ကြ၏လော။
ဘုန်းကြီးဘဝဟူသည်
စားသောက်နေထိုင်ဝတ်ရုံရာအခါတိုင်း ပစ္စဝေက္ခဏာဆင်ခြင်ရသည်ကို နားလည်ထားသင့်၏ အေးနေသည့်
ထမင်းတခဲကိုပင် လျှာပူမလောင်ရန်ဆင်ခြင်စားသုံးရပါ၏ သဒ္ဓါသဖြင့် လှူဒါန်းသော ပစ္စည်းတိုင်း
အလဟဿမဖြစ်စေရပါ၊ မကောင်းသဖြင့် သုံးစွဲခြင်းကြောင့် သင့်ရောက်သည့် ဒုပ္ပရိဘောဂ ဒုက္ကဋ်အာပတ်က
အဆင်သင့်ဖြစ်နေသည် လူ့ဘဝကဲ့သို့ ကိုယ်ပစ္စည်းကိုယ့်သဘောလုပ်မရချေ နေတတ်လျှင် ကုသိုလ်အဖြစ်ဆုံးသောဘဝကားမှန်ပါ၏
အနေမတတ်ချေက အပါယ်ဘုံမှတ်တမ်းတင် ခံရမည်မှာသေချာ၏ ကုဋေကိုးထောင်သိက္ခာပုဒ်တို့ဟူသည်
များပါသေး၏ အနှစ်ချုပ်သီလဖြစ်သည့် စတုပါရိသုဒ္ဓိသီလ (၄) ပါးကိုပင် နားလည်ပါစေဦး။
၁။
ပါတိမောက္ခသံဝရသီလ= ပါတိမောက်လာ သီလအတိုင်း
စောင့်စည်းကျင့်သုံးနေထိုင်ခြင်း။
၂။
ဣန္ဒြိယသံဝရသီလ= မျက်စိစသည့် ဣနြေ္ဒ ၆-ပါး၌
စောင့်စည်းရခြင်း ဤသီလနှင့်ပတ်သက်၍ စောင့်စည်းရန်များစွာခက်ခဲလှ၏ ကြည့်ရုံမြင်ရုံအဆိပ်တက်သမို့ သိပ်ခက်သတဲ့ကြည့်ဖို့ကို
စိတ်ပျက်သကွဲ့ ထိဖို့ဆိုလျှင် အမိတို့လိုမြွေမျိုး စသည့် အမရပူရမဟာဂန္ဓာရုံဆရာတော်၏
တေးထပ်လာစကားကဲ့သို့ အဆိပ်တက်စရာတွေကများဘိကောင်း ထိုသည့်အာရုံတို့နှင့်ဝေးနိုင်သမျှဝေးအောင်ရှောင်နေရပါ၏
စောင့်စည်းရပါ၏ စက္ခုရူပေနသံဝါသာ ရာဂပုတ္တံ ဝိဇာယတိ
မျက်စိနှင့် အဆင်းအာရုံ ပေါင်းဆုံမှုကြောင့် ရာဂသားဖွားမြင်၏ ဟူသောအဆိုအမိန့်ကိုလည်း အထူးသတိချပ်ကြရ၏ ဤသီလနှင့်ပတ်သက်၍
ရူပါရုံတခုမျှသာထုတ်ပြခြင်းဖြစ်သည် ကျန်သည့်အာရုံတို့သည်လည်း သူ့နည်းသူ့ဟန်နှင့်သူထက်မြက်ကြကုန်၏။
၃။
အာဇီဝပါရိသုဒ္ဓိသီလ= ပစ္စည်းလေးပါးနှင့်ပတ်သက်၍
မသမာနည်းမဖြစ်စေရန်။
၎။
ပစ္စယသန္နိဿိတသီလ= ပစ္စည်းလေးပါး၌ ဆင်ခြင်ဉာဏ်တင်၍
သုံးစွဲရန် ဤသီလလေးပါးလုံခြုံရန်ကိုပင် မည်မျှခက်ခဲသည်ကို ကိုယ်တိုင်ကျင့်ကြံ လိုက်နာကြည့်မှ
သိနိုင်ပါ၏ ဖော်ပြပါ ဘုန်းကြီးဘဝနှင့် စပ်လျဉ်းသည်တို့မှာ တစိတ်တဒေသမျှသာဖြစ်ပါသည်၊
မပြောပလောက်သေးပါ။
လူအသီးသီးတို့နှင့်
သပ္ပါယဖြစ်အောင် ဆက်ဆံရေးအမိပေါင်းများစွာမှ ပေါက်ဖွားလာသည့် စရိုက်ပေါင်းစုံ သာသနာ့ဝန်ထမ်းတို့နှင့်
ညီညွတ်ရေး-။
ဘုန်းကြီးဘဝ၌
ကာယဗလဖြင့် နဖူးမှချွေးခြေမကျအလုပ်မလုပ်ရသည့်တိုင် အငြိမ်းစားဟု မသတ်မှတ်လေလင့်ဦး
အရုဏ်မတက်မီ အကြွေးမတင်ရန် စာရင်းရှင်းကြရသည်ကို မသိရှာကြလေလင့် အကယ်၍ အငြိမ်းစားဟုမှတ်ထင်ပါအံ့
ခံယူပါအံ့ သမီး သား ဇနီးမယား စီးပွားဥစ္စာ မိဘမောင်ဘွားတို့ကို ပစ်၍ သာသနာ့ဘောင်သို့
ဝင်ခဲ့ပါလေ တံခါးဖွင့်၍ ကြိုဆိုလျှက်ပါ သို့သော် တပည့်တော်သား ဆုံးမ မရလို့ပါဘုရား၊
မိုက်လွန်းလို့ သင်္ကန်းဝတ်ပေးလိုက်စမ်းပါ စသည့် အပြောအဆိုခက်သမားများနှင့် မကောင်းကျောင်းပို့ဖြစ်လျှင်မူ
ပြန်ပေတော့ အသက်ကြီးခါမှ ကရင်အိုချောင်းကြို ချောင်းကြားရောက်၊ ဗမာအို ကျောင်းကြိုကျောင်းကြားရောက်
အဖြစ်မျိုးကိုလည်း လာလမ်းသို့ပြန်ကြွပါ သတိသံဝေဂ ရသလိုလိုနှင့် သာသနာ့အလုပ်မလုပ်နိုင်သည့်
ဝန်ထမ်းပိုလျှံမှု မျိုးကိုလည်း မလိုချင်ပါ။
သာသနာတော်အတွက်
တကယ်တမ်း လိုအပ်ချက်သည် သဒ္ဓါတရားအခြေခံသူဖြစ်ပါသည်၊ ဗလချာပဗ္ဗဇိတလိုလူမျိုးအိမ်၌ လူပိုဖြစ်နေ၍
ကျောင်းပို့သည့် လူမျိုးတို့ကိုမူ သာသနာတော်၌ မလိုအပ်ပါ ယင်းသို့လူမျိုးများပါက ဆောင်းပါးအစပါ
စကားရပ်တို့ဖြင့် သုံးသပ်ကြပေဦးမည်။
ထို့ကြောင့်
ဘုန်းကြီးဘဝဟူသည်-
(၁) အငြိမ်းစားဟုခံယူထားပါလျှင်
(၂) သဒ္ဓါအခြေခံရှိပါလျှင်
(၃) အားလုံးစွန့်နိုင်ပါလျှင်
လာလေ
ဘုန်းကြီးဝတ်ရအောင် ဟုဖိတ်ခေါ်ပါ၏ မြတ်စွာဘုရား၏ သာသနာတော် တရားတော်သည် အကာလိကော- အချိန်မရွေး
အကျိုးပေးနိုင်သည်မဟုတ်ပါလော၊ ဧဟိပဿိကော- လာလှည့်ရှုလှည့်ဟု ထာဝရဖိတ်ခေါ်စမ်းသပ်ခံနိုင်သည်
မဟုတ်ပါလော။
အရှင်ဝိသုတ
(ဆားတုံ)
0 comments:
Post a Comment