ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ

Monday, June 20, 2016

နယုန်လပြည့် - မဟာသမယအခါတော်နေ့


💥“နယုန်လပြည့် - မဟာသမယအခါတော်နေ့”💥
•••••••••••••••••••••••••••••••••••••••••••••••••••
ယနေ့သည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏
အလေးအမြတ်ထားသော နယုန်လပြည့်နေ့ ဖြစ်ပေသည်။
နယုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓသည် များပြားလှစွာသော
နတ်ဗြဟ္မာပေါင်းတို့ကို မဟာသမယသုတ္တန် တရားတော်ကို
ဟောကြားတော်မူခဲ့ပါသည်။ ဤနေရာတွင် မဟာသမယ၏
အဓိပ္ပာယ်ကို ရှာဖွေရသော် “မဟာ”ဟူသည် ကြီးကျယ်
မြင့်မြတ်ခြင်းဟုအဓိပ္ပာယ်ရ၍ “သမယ” သည်ကား
အချိန်-အခါ-ကာလဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။

မဟာသမယသုတ်တော် ဟောကြားတော်မူရခြင်း၏
သမိုင်းကြောင်းကို ပြန်လိုက်ရသော် မြတ်ဗုဒ္ဓသည်
ဘုရားဖြစ်တော်မူပြီး စတုတ္ထ ၀ါတော်ကပ်စဉ် ကာလတွင်
ဖြစ်ပေသည်။ မဇ္ဈိမဒေသ ကပိလဝတ် နှင့် ကောလိယ
နှစ်ပြည်ထောင်ကြားတွင် ရောဟိဏီဟု အမည်ရှိသော
မြစ်ကလေး တစ်စင်း ရှိပေသည်။ မိုးတွင်းနှင့် ဆောင်းတွင်း
အခါသမယတွင်ကား ထိုမြစ်ကလေးအတွင်းဝယ်
ရေအလုံအလောက် စီးဆင်းနေသည့်အခါ နှစ်ပြည်ထောင်မှ
တောင်သူတို့သည် သူတို့၏ လယ်မြေတွေအတွက် ရေကို
သုံးရန်လုံလောက်ပေသည်။ ယခုကဲ့သို့သော မိုးခေါင်လှသော
နယုန်လတွင်ကား ရောဟိဏီမြစ်မှ ရေစီးဆင်းနေသော
ရေသည် နှစ်ပြည်ထောင် တောင်သူတို့အတွက် မလုံ
လောက်တော့ပေ။

သို့ဖြစ်သဖြင့် ထိုရေကို သူ ရသင့်သည်။
ငါရ သင့်သည်ဟုငြင်းခုန်ကြသည်။ ထိုမျှမက
တစ်ဖက်နှင့်တစ်ဖက် ငယ်ကျိုး ငယ်နာတွေလည်း
အပြန်ပြန် အလှန်လှန် ဖော်ကြလေသည်။

❦ကောလိယပြည်ဘက်မှ လယ်သမားများက
“နင်တို့က ခွေးတွေလို မောင်နှမချင်း အိမ်ထောင်ပြုတဲ့
အမျိုးတွေ၊”ဟု စတင်ပြောလေသည်။

❦တစ်ဘက်
(ကပိလ၀တ်) ကလည်း “နင်တို့က အနူမျိုးတွေ”
“အေး အနူမျိုးအကြောင်းသိစေရမယ်” စသည်ဖြင့်
အခြေအတင်ဖြစ်ရာမှ အထက်လူကြီးများ၊ နောင်ဆုံး
မင်းစိုးရာဇာများအထိ ပေါက်ကြားသွားရာ စစ်ခင်းကြမည့်
အခြေအနေအထိ ရောက်ရှိသွားလေသည်။

ထိုအကြောင်းကို သိတော်မူသော မြတ်စွာဘုရားရှင်
ကြွရောက်တော်မူလာပြီး “ဓား၊ လှံ၊ ဒူးလေး တွေ
သယ်ဆောင်လာကြတဲ့ ဒကာတို့ သင်တို့ဘာလုပ်ကြ
မလို့လဲ” ဟု မေးတော်မူလေသည်။ ထိုအခါ နှစ်ဘက်
ဆွေတော်မျိုးတော်များက -

“တပည့်တော်တို့ စစ်ခင်းကြမလို့ပါဘုရား။” ဟုလျှောက်
ထားလေသည်။ ဤတွင် ဗုဒ္ဓက“ဘာအတွက်စစ်ခင်း
ကြမှာလဲ”ဟု ဆက်လက်မေးတော်မူလေသည်။
နှစ်ပြည်ထောင်မှ ဆွေမျိုးတို့ကလည်း
“ရေအတွက်ပါဘုရား”ဟု လျှောက်ထားကြလေသည်။
ထိုအခါ ဘုရားရှင်က

“သင်တို့ဟာအဘိုးမတန်တဲ့ ရေအတွက်နဲ့ အဘိုးတန်တဲ့
သင်တို့ အသက်တွေ အဆုံးရှုံးခံတော့မလို့လား”ဟု
မေးမြန်းတော်မူကာ ငြိမ်းချမ်းရေး တရားကို စတင်
ဟောတော်မူပါသည်။ ဒီလိုဟောတဲ့နေရာမှာ မြတ်ဘုရားရှင်က
သာဓကအနေဖြင့်

(၁) ၀က်ဝံနှင့်ရုက္ခစိုး၊ ရန်ငြိုးထားရာက
နှစ်ဦးလုံးပျက်စီးကြရပုံ (ဖန္ဒနဇာတက)

(၂) အကြောက်ကြီးပြီး၊ စဉ်းစားဆင်ခြင်ဝေဖန်မှုမရှိသော
ယုန်တစ်ကောင် စကားကြောင့် ဥသျှစ်သီးကြွေသည်ကို
ကမ္ဘာပြိုသည်ထင်မှတ်ပြီး ပြေးကြသောကြောင့် တိရစ္ဆာန်များ
ဒုက္ခတွေ့ကြရပုံ (ပထ၀ီဣန္ဒြိယဇာတက)

(၃) တစ်ဖက်သားကို အားနည်းတယ်ထင်ပြီး အထင်သေး
အနိုင်ယူလိုပါက လွယ်ကူသည့်ကိစ္စမဟုတ်၍ အထင်မသေး
သင့်ကြောင်းကို အားကြီးသော ဆင်ပြောင်ကြီးကို နှံစုတ်ငှက်မက
အနိုင်ယူနိုင်ခဲ့သည့် သာဓကရှိပုံ။ (လဋုကိကဇာတက)

(၄) သစ်ပင်များ တစုတဝေးတည်း တည်ရှိနေမှုကြောင့်
လေဒဏ်မိုးဒဏ်ကို မပြိုမလဲ ကြံ့ကြံ့ခံနိုင်ပုံ(ရုက္ခမူလဇာတက)

(၅) ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့
ပိုက်ကွန်မှာ ငှက်များအမိခံ ကြရပုံ(၀ဋ္ဋကဇာတက)

(၆) မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်
နိုင်ပုံ(အတ္တဒဏ္ဍသုတ္တ) ဥပမာ (၆) ရပ်ပြပြီး တရားရေအေး
တိုက်ကြွေးကာ စေ့စပ်ရေးတရားဟောကြားခဲ့သည်။

ထိုအခါထိုနှစ်ပြည်ထောင်သားများသည် သူတို့၏ အမှားများကို
သိကာ ငြိမ်းချမ်း ရေးရခဲ့ကြသည်၊ ဤတွင်သာမက နှစ်ပြည်ထောင်မှ
စစ်သည် ၅၀၀ တို့သည် ဘုရားရှင်ရဲ့သာသနာတော်သို့ ဝင်ပြီး
ရဟန်းပြုကြသည်။

အဆိုပါရဟန်းများသည် သာသနာတော်မှာ မပျော်ပိုက်ကြ
သည့်အတွက် မြတ်ဗုဒ္ဓသည် ဟိမဝန္တာတော အတွင်းက
အလွန် မွေ့လျော်ဖွယ်ကောင်းသည့် ကုဏ္ဍလာအိုင်သို့
ခေါ်ဆောင်ကာ ဂါထာသုံးရာတို့ဖြင့်တန်ဆာဆင်အပ်သော
ကုဏ္ဍလငှက်မင်းဇာတ်ကြောင်းကို ဟောကြားတော်မူခဲ့ပါသည်။
ဇာတ်တော် ဆုံးသောအခါ ရဟန်း ၅၀၀-တို့ သောတာပတ္တိဖိုလ်၌
တည်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်
၅၀၀-နဲ့အတူ ကပိလဝတ် ပြည်အနီးရှိ မဟာဝုန်တောသို့
ကြွချီတော်မူခဲ့ပါသည်။

မဟာဝုန်တောတွင် မြတ်ဗုဒ္ဓသည် ထိုရဟန်းတို့အား ကမ္မဋ္ဌာန်းကို
ပေးတော်မူရာ မကြာမီကာလအတွင်းမှာ အရဟတ္တဖိုလ်ကို
ဆိုက်ရောက် တော်မူခဲ့ကြပါသည်။ ထိုရဟန်း၅၀၀တို့သည်
မိမိ တို့ရရှိထားသော တရားထူးကို လျှောက်ထားရန်နှင့် ဘုရား
ရှင်ကို ဖူးမြော်ရန်အတွက် နယုန်လပြည့်ညချမ်း မှာ မြတ်ဗုဒ္ဓ၏
အထံတော်သို့ စုရုံးရောက်ရှိ လာကြပါသည်။ ထိုနေ့ညချမ်း
အချိန်လေးမှာပင် မြတ်ဗုဒ္ဓနှင့် ရဟန္တာ ၅၀၀ တို့ကို တွေ့မြင်
ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ ဗြဟ္မာ၊ အသူရာ၊
ဂဠုန်၊ နဂါးတို့များ မဟာဝုန်တောကို စုရုံးရောက်ရှိလာကြ
ပါတယ်။ ထိုကဲ့သို့ ပရိသတ်တို့ စုဝေးသောအချိန်တွင် မြတ်စွာ
ဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ ဗြဟ္မာတို့၏
အမည်၊ အမျိုးအနွယ်တို့ကို ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများကို
သိစေလိုသည့်အတွက် အမျိုးတူအလိုက်စုပေါင်းကာ-
အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက် စကား
မိန့်ကြားတော်မူပြီးမှသာ မဟာသမယသုတ်တော်ကြီးကို
ဟောကြားတော်မူခြင်းဖြစ်ပါသည်။

မဟာသမယ သုတ်ကို ဒေဝတာပီယ-နတ်တို့ချစ်ခင် မေတ္တာ
ဝင်သောသုတ်ဟူ၍လည်း ပညာရှင်တို့က ခေါ်ဝေါ်ကြသည်။
နတ်၏ ချစ်ခင်မှုကို လိုလားကြသော လာဘ်လာဘပေါများ
လိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်သင့်ပေသည်။
နတ်တို့သည် ဤသုတ်ကို အလွန်ကြားနာလိုကြသည်။ လူတိုင်းသည်
ကိုယ့်နာမည်လေးကို လူတွေရှေ့မှာခေါ်ခြင်း၊ ဖော်ပြခြင်းတို့ကို
ကြိုက်နှစ်သက်ကြလေသည်။ ဘုရားရှင်သည် ရောက်လာကြသော
နတ်ဗြဟ္မာအပေါင်းတို့အား

၁။ ရာဂစရိုက်-အားကြီးသူအတွက်—(သမ္မာပရိဗ္ဗာဇနိယသုတ်)
၂။ ဒေါသစရိုက်-အားကြီးသူအတွက်—(ကလဟဝိဝါဒသုတ်)
၃။ မောဟစရိုက်-အားကြီးသူအတွက်—(မဟာဗျူဟသုတ်)
၎။ ဝိတက်စရိုက်-အားကြီးသူအတွက်—(စူဠဗျူဟသုတ်)
၅။ သဒ္ဓါစရိုက်-အားကြီးသူအတွက်—(တုဝဋကသုတ်)
၆။ ပညာစရိုက်-အားကြီးသူအတွက်—(ပုရာဘေဒသုတ်)
တရားတော် တို့ကို ဟောကြားတော်မူခဲ့ပါသည်။

တရားတော်မြတ်အဆုံးမှာတော့
နတ်၊ဗြဟ္မာပေါင်းများစွာ သောတာပတ္တိဖိုလ်၊
သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ် အရဟတ္တဖိုလ်တို့သို့
အသီးသီးရောက်ရှိ ကြလေသည်။

အချုပ်အားဖြင့်သော်ကား နယုန်လပြည့်နေ့၏
ထူးမြတ်သော ဂုဏ်အင်များကို တွက်စစ်ရသော်

၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့
ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေးခြင်း။

၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်
စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီး၊
ငြိမ်းချမ်းရေးရတဲ့နေ့ဖြစ်ခြင်း။

(၃)။ ရဟန်း ၅၀၀ လုံး ရဟန္တာဖြစ်တော်မူသောနေ့ဖြစ်ခြင်း။

(၄)။ နတ်၊ ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးများ ရဟန်းတော်များ
ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။

(၅)။ မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော
ဂဠုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက်ဝင်သောနေ့ဖြစ်ခြင်း။

(၆)။ မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို
မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
စသည်ဖြင့် ၆ ချက် ပြည့်စုံနေသော ထူးမြတ်သောနေ့
ဖြစ်ပါသည်။ ထို့အပြင် ယနေ့သည်ကား
မြန်မာနိုင်ငံမှတစ်ပါး အခြားဗုဒ္ဓဘာသာတိုင်းပြည်များတွင်
မြတ်ဗုဒ္ဓပွင့်တော်မူသောနေ့ ဟု သတ်မှတ်ကာ
အကြီးအကျယ်ပူဇော်သော နေ့ဖြစ်ပါသည်။

သို့ဖြစ်သဖြင့် ထူးမြတ်မှုအပေါင်းနှင့်ပြည့်စုံသော
နယုန်လပြည့်နေ့တွင် အားလုံးသော ဓမ္မမိတ်ဆွေ
အားလုံးတို့သည် ရတနာသုံးပါးကို အာမိသပူဇာ
(ဆွမ်း၊သင်္ကန်း စသည်ကို လှူခြင်း)၊
ဓမ္မပူဇာ (၀ိပဿနာတရား ပွားများ အားထုတ်ခြင်းဖြင့်
ပူဇော်ခြင်း) တို့ဖြင့် ပူဇော်နိုင်ကြကာ ငြိမ်းချမ်းရေးနေ့တွင်
ငြိမ်းချမ်းမှုအပေါင်းဖြင့် ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေ။။

ကျမ်းညွှန်း – ဒီဃနိကာယ် မဟာဝါပါဠိတော်
စာမျက်နှာ ၂၀၂၊
၎င်းအဋ္ဌကထာ စာမျက်နှာ ၂၆၄၊ ၎င်းဋီကာ ၂၃၁။
တွင် အကျယ်ရှုနိုင်ပါသည်။

လူမုန်း (ဓမ္မ​ရောင်​စဉ်​)

Saturday, June 18, 2016

စံပယ် မြတ်လေး ပျံ့မွှေးသင်းထုံ စာသမကုန် လနယုန်


နယုန်လ သည် မြန်မာလ များတွင် တတိယ လ ဖြစ်၍ နွေဥတု တွင် ပါဝင်သည်။

နွေရာသီ ကုန်ဆုံးရန် တစ်ဆယ့် ငါးရက် မျှသာ ကျန်တော့ သဖြင့် စာဆို ပညာရှင် များက ထိုလကို ''နွေနှောင်းလ၊ နွေစွန်လ'' ဟု စာဖွဲ့လေ့ ရှိကြသည်။

 နွေနှောင်းလ ဖြစ်သည့် အလျောက် ကဆုန်လ တွင် ချစ်ချစ်တောက် ပူပြင်းခဲ့သော နေမင်းသည် ထိုလ တွင် အပူအား လျော့ကာ လျော့ရဲရဲ ဖြစ်လာသည်။ နွေပူရှိန် လျော့ကျ လာလျှင် မိုးလေ က မြူးလာတော့ သည်။

တစ်ခါတစ်ရံ ကောင်းကင် တစ်ခွင်လုံးတွင် မိုးသားများ မည်းမှောင် အုံ့ဆိုင်းပြီး မိုးမာန် ပြင်နေရာ မှ ပြင်းထန် စွာ မိုးသံပေး၍ မိုးသေး မိုးဖွဲ ကလေးများကို ရွာချ တတ်သည်။




''နတ်စည်ငယ် ရွမ်းပါလို့၊ ခြိမ်းမွမ်းငယ် သံစုံ၊ ကမြူးငယ် ခုန်သည်၊ မြူတိမ်လှာ ဆိုင်းပြန်တော့ တယ်လေး'' ဟု မဟာ အတုလ မင်းကြီးက စပ်ဆိုခဲ့သည်။ ကဆုန်လ ၏ အပူရှိန်အောက်၌ ရွက်ခြောက်များ ကြွေကာ အရိုး ပြိုင်းပြိုင်း ဖြစ်နေကြသည့် သစ်ပင် သစ်ကိုင်း များမှာ ရွက်ညွန့် ကလေးများ ကိုယ်စီနှင့် စိမ်းစိုလာသည်။

 ခြောက်သွေ့ တင်းမာနေသော မြေပြင် မှာလည်း နယုန်လ ၏ မိုးသေး မိုးဖွဲ ကလေး များကြောင့် ထွက်ပြူလာ ကြသည်။ မြက်နုငယ် လေးများကြောင့် စိုစိုပြည်ပြည် ဖြစ် လာသည်။

ထို့ကြောင့် ပင် ရှေးတောင်သူ ဦးကြီး များက ''နယုန်မိုးသေး၊ မြက်သားမွေး'' ဟု မိုးလင်္ကာ ဖွဲ့ခဲ့ကြသည်။ မိုးဒေဝါ ၏ နိဒါန်း ပျိုးစ အခါ သမယ ဖြစ်ပေရာ နေပူလိုက် မိုးရွာ လိုက်ဖြင့် အလွန် ပူအိုက်သော လရာသီ ဖြစ်ပေသည်။

မိုးဦးကောင်းသည့် နှစ်များ တွင် မိုးကြီးစွာ ရွာသွန်း တတ်သည်။ နယုန် မိုးသေး ဟူသည်ကား ယေဘုယျ မှတ်သားချက် ဖြစ်သည်။ နယုန်လတွင် အခါ ခပ်သိမ်း မိုးသေးသည်၊ မိုးနည်းသည် မဟုတ်ပါ။ တစ်ခါတစ်ရံ မိုးကောင်းသည့် နှစ် များတွင် လယ်ယာ မြစ်ချောင်း အင်းအိုင်များ ရေလျှံ အောင်မိုးကြီးစွာ ရွာတတ်ပြန်သည်။

စိန္တကျော်သူ ဦးသြ ၏ ''မဟာ အဓိကရ ကန်တော် မော်ကွန်း'' တွင် ''နယုန်ဝါလ၊ ကြဲကြ ပျိုးထောင်၊ ဝါခေါင် သစ်ဆင်း၊ နှစ်လတွင်းမူ၊ ဆင်းကြ ယာလယ်၊ တောင်သူ မယ်တို့'' ဟု စပ်ဆို ထားသည့် အတိုင်း ဤလ တွင် တောင်သူ လယ်သမား ဦးကြီးများသည် ဂျုံ၊ နှမ်း၊ ပြောင်း၊ ဝါဂွမ်း၊ ပဲမျိုးစုံ တို့ကို စိုက်ကြ၊ ကြဲကြသည်။ ဆန် အတွက် မျိုးစပါး များကိုလည်း ပျိုးထောင်ကြသည်။

ယင်းသို့ တောင်သူ လယ်သမား ဦးကြီး တို့ အလုပ်ခွင် သို့ စတင် ဝင်ရောက် သည့် အချိန် ဖြစ်သောကြောင့် နယုန်လ မှာ တောင်သူ ဦးကြီး တို့၏ အာဒိမာသ (လုပ်ငန်း စတင်သောလ) ခေါ် ငန်းဦးစချိန်လ ဖြစ်သည်။


နယုန်လ ရာသီမှာ မေထုန်ရာသီ ဖြစ်သည်။ နက္ခတ် အားဖြင့် ဇေဋ္ဌနက္ခတ်ဖြစ်၍ ရာသီပန်းမှာ စကားပန်း ဖြစ်သည်။ ခြင်္သေ့ အင်္ဂါနှင့် ကြွက် ကြာသပတေး ရက်မင်း ရာဇာ ဖြစ်သည်။ ဂဠုန် တနင်္ဂနွေနှင့် ကျား တနင်္လာ ပြဿဒါး ရက်ဖြစ်သည်။ ဤလ ကို ပုဂံခေတ်၊ အင်းဝခေတ် ထိုး ကျောက်စာတို့၌ နံယုန်၊ နယုန်၊ နံမျူန်ဟု အမျိုးမျိုး ရေးထိုး ခဲ့ကြသည်။

မှန်စီကျောင်း ဒုတိယ ရှင်ပုညကာမိ စီရင်သည့် ဘုန်းမီးတက်လျှံချီ မှန်စီ သတ်ပုံတွင် ''တန်ခူး ကဆုန် လနမျူန်၊ ဖုန်ဖုန်လွင့်မြူလိမ်း'' ဟု လည်းကောင်း၊ သက္ကရာဇ် ၁ဝ၈၈ ပြီးသည့် သီရိမင်္ဂလာ သတ်ပုံတွင် ''ကဆုန်၊ နမျူန်၊ ကြိုးသုန်သုန်၊ နယုန် န သတ်မြန်း'' ဟု လည်းကောင်း လာရှိသည် တို့ကို ထောက်ရှုလျှင် ဒုတိယ အင်းဝခေတ်၌ ''နမျူန်'' ဟုလည်း အရေးအသား ရှိကြောင်း သိရပေသည်။


မြန်မာ့ သမိုင်းကြောင်းကို လေ့လာလျှင် အနော်ရထာ (အနိရုဒ္ဓ) ဘုရင်မှ အစပြု၍ ရှေးမြန်မာ ဘုရင် အဆက်ဆက်တို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပေရာ မိမိတို့ လက်ထက်တွင် သာသနာတော် ပြန့်ပွား ထွန်းကားရေးကို စွမ်းအားရှိသလောက် ချီးမြှောက် ခဲ့ကြသည်။

ဆရာတော်၊ သံဃာတော် များ၏ သာသနာ့ ဒါယကာ သြဝါဒ ခံများ ဖြစ်ကြသည့် အတိုင်း သာသနာတော် သုံးရပ်တွင် ပိဋကတ် စာပေဟူသော ပရိယတ္တိ သာသနာသည်သာ အရေးအကြီးဆုံး အခြေခံ ပဓာနအကျဆုံး ဖြစ်ကြောင်း ကောင်းစွာ သိကြသည်။

ထိုခေတ် ထိုအခါက ဖြစ်ထွန်းနေသော ဘုန်းတော်ကြီးကျောင်း ပညာရေး ကိုလည်း အထူး အားပေး လိုကြသည်။ မြန်မာ ဘုရင်များသည် ပရိယတ္တိ သာသနာ တိုးတက် ပြန့်ပွားရန်နှင့် ပညာရှင်များ ထွန်းကား လာစေရန် ဟူသော ဆန္ဒဖြင့် ပဋ္ဌမ စာတော်ပြန်ပွဲကို နယုန်လ၏ ရာသီပွဲတော် အဖြစ် တခမ်းတ နားကျင်းပ ခဲ့ကြပေသည်။


နယုန် လတွင် စာပြန် ပွဲများ ကျင်းပ ရာ၌ ဗုဒ္ဓစာပေ ပထမပြန် စာမေးပွဲကို သာလွန်မင်းတရားကြီး လက်ထက် မြန်မာ သက္ကရာဇ် ၁ဝဝဝ ပြည့်နှစ်တွင် စတင် ကျင်းပခဲ့ကြောင်း သိရှိ ရပေသည်။ မင်းတုန်းမင်းကြီး လက်ထက် တွင် ပထမပြန် စာမေးပွဲ အတွက် ကျမ်းစာအုပ် များ ပြဋ္ဌာန်းပြီး သီပေါမင်း လက်ထက်သို့ ရောက်သောအခါ မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်မှ စတင်၍ ပထမပြန်ပွဲ ဆိုင်ရာ ဥပဒေ စည်းမျဉ်း စည်းကမ်း များ ချမှတ်ကာ စနစ်တကျ ကျင်းပခဲ့သည်။

သီပေါမင်း သည် အဆင့်မြင့် ပါဠိစာပေတန်း များ အောင်မြင်ခဲ့သည် ဟု သိရှိရသည်။ ကုန်းဘောင်ခေတ်ဦး တွင် အင်ရုံ ရွာစား ဝန်ကြီး သီရိဥဇနာ ရေးသား ခဲ့သော လောကဗျူဟာ ကျမ်း တွင် ရှေးခေတ် မြန်မာ မင်းများ သည် နယုန်လ ၌ စာတော်ပြန်ပွဲ ကို ကျင်းပခဲ့ ကြကြောင်း ရေးသား မှတ်တမ်း တင် ခဲ့ပေသည်။


 ကုန်းဘောင် ခေတ်နှောင်း ကာလ၌ စာတော်ပြန် ပွဲတော်များ ကျင်းပခဲ့သည်။ ရှေးခေတ် မြန်မာ့ ဗိသုကာ လက်ရာ များဖြင့် ကျွန်းသစ် များ အသုံးပြုလျက် တည်ဆောက်ခဲ့သော သုဓမ္မာ ဇရပ်တန်းကို မန္တလေးမြို့ရှိ နန်းတော် မြို့ရိုးကြီး ၏ မြောက်ဘက်မြို့ရိုးနှင့် မန္တလေးတောင် တို့ အကြားဝယ် လွမ်းဆွတ် အောက်မေ့ ဖွယ်ရာ တွေ့မြင် နိုင်သည်။


စာတော်ပြန်ပွဲ ကျင်းပသည့် အချိန် သည် ဗုဒ္ဓဘာသာဝင် များ အလွန် အလေးထားကြသော အချိန်ဖြစ် သည်။ ဗုဒ္ဓပိဋကတ် စာပေကို လေ့လာ လိုက်စားသည့် ရဟန်း၊ သံဃာများ ပွားများခြင်း သည် ဗုဒ္ဓဘာသာ ဝင်တို့ အတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ် ဖြစ်သည်။

သို့ဖြစ်၍ မြို့အလိုက်၊ နယ်အလိုက်၊ စာတော်ပြန်ပွဲ သို့ ဝင်ရောက် မည့် ရဟန်း၊ သံဃာများအား လှူဖွယ် ဝတ္ထု အစုစု တို့ဖြင့် ပြုစု အားပေး ကြသည်။ သာသနာတော် အတွက် ဝိုင်းဝန်း ၍ အထောက် အပံ့ ဖြစ်စေကြသည်။


တိုင်တားမြို့ သူကြီး ဦးဖက် က ဤ နယုန်လ ကို .....
 ''နန်းနယုန် နယ်လကို၊ ကြယ်ဗြဟ္မဏ တာရာ၊ ရွှေဇေဋ္ဌ ပုဏ္ဏာဝယ်၊ ယုန်စန္ဒာပြိုင်မျှ။
  မုလေးပျံ့သေးသွယ် ငယ်၊ ရွှေစံပယ်သင်း တဲ့ မာသ။ သုဓမ္မ ရိပ်သာမှာ၊ သဘင်စာ သည်လ။
  မင်္ဂလာ ထွန်တော် ချလို့၊ သေနင်္ဂ လေးအင်။
  ထုံးစဉ်စံ သွေမခွတယ်၊ ဘုန်းရာများ ထွတ် ထိပ်ဘုရင်။
  ဥာဏ်တမွတ် ဖန်ဆင်တယ်၊ မေထုန်ခွင် နွေစွန် လမှာမို့၊ မိုးမာန်က တအုံအုံ၊ မဲတဲ့လို့မှုန်။
  မြဖဲရံ တိမ်ဂဠုန်လို၊ သိရ်တဂုဏ်ကူ ဖြိုးလှလေး။
  မနုံသူ့ ရွှေရင်မှာ၊ ဖြေတင်နိုင် ပူညှိုးရလေး။''
 ဟု ရာသီဘွဲ့ တေးထပ်ဖြင့် ဂုဏ်ပြု မှတ်တမ်းပြု ခဲ့ပေသည်။


နယုန် လပြည့်နေ့ သည် ဗုဒ္ဓရှင်တော်မြတ် ၏ မဟာ သမယသုတ် ဟောတော် မူသော နေ့ဖြစ်သည်။ ထို့ကြောင့် နယုန် လပြည့် ''မဟာ သမယနေ့'' ဟု အသိ အမှတ်ပြုကြသည်။ နယုန်လ ၌ ဟောသော မဟာသမယ သုတ်ကို ''နတ်ချစ်သုတ်'' ဟု သတ်မှတ် သမုတ်ကြသည်။

စာဆိုတော် တစ်ဦးက မဟာသမယ သုတ် ဟောတော်မူရ ခြင်း၏ သမိုင်းကြောင်း ကို ကြည့်ပြီး ဆင့်ပွား အနက် အဓိပ္ပာယ် ကြံဆကာ ''ငြိမ်းချမ်းသောနေ့'' ဟု ဆိုသည်။ မဟာသမယ ဟူသည် များစွာသော ရဟန်းတို့ စည်းဝေးသော အခါ များစွာသော နတ်အပေါင်းဟု ပဒတ္ထမဉ္ဇူသာ ပါဠိ-မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ မဟာသမယ သုတ်တော်၌လည်း ရဟန္တာငါးရာ စည်းဝေးတော် မူကြရာ များစွာသော ရဟန်းတို့၏ အစည်းအဝေး ဟု ဖွင့်ဆို ထားပေသည်။


မဟာသမယ သုတ် ဟောတော် မူရခြင်း အကြောင်းပြုသော ပုဂ္ဂိုလ် တို့မှာ သာကီဝင် မင်းမျိုးဖြစ်သော ကောလိယ မင်းသား ၂၅ဝ နှင့် ကပိလဝတ် မင်းမျိုး မင်းသား ၂၅ဝ တို့ ဖြစ်ကြသည်။ ဘုရားရှင် လက်ထက် အခါ၌ တစ်ခုသော နွေလ တွင် ရေ အခက်အခဲနှင့် ကြုံတွေ့လေသည်။

ကပိလဝတ် ပြည်နှင့် ကောလိယ ပြည်တို့၏ အလယ်ကြားမှ ''ရောဟိဏီ'' မြစ်ရေသည် စီးဆင်းနေသည်။ နှစ်ပြည်ထောင် မှ လယ်သမား တို့သည် ရောဟိဏီ မြစ်ရေ ကို အားထား၍ လယ် စပါးသီးနှံ စိုက်ပျိုးကြသည်။ နွေရာသီ နယုန်လသို့ ရောက်လာပြီဖြစ်၍ ရောဟိဏီ မြစ်ရေက နည်းနေသည်။

မိုးကောင်းသော ရာသီ ၌ နှစ်ပြည်ထောင် လယ်သမားတို့သည် ရောဟိဏီမြစ်ရေ ကို ပြည့်ပြည့်ဝဝ အသုံးပြု ၍ လယ် စပါး စိုက်ပျိုး ကြသည်။ မိုးခေါင် ၍ ရေအားနည်းသော် နှစ်ပြည်ထောင် အတွက် ရေ မလုံလောက်သော အခါ ရောဟိဏီမြစ် မှ ရေကို ဝေစု ခွဲ၍ သုံးကြရာ အဝေ မတည့်၍ ရေလုပွဲ တွင် လယ်သမားများ စကားများ ရန်ပွဲ ရိုက်ပွဲများ ဖြစ်ကြသည်။

လယ်သမား များကို အကြောင်းပြု၍ နှစ်ဖက်နိုင်ငံ မှ မင်းညီ မင်းသားများနှင့် စစ်သည်တော် များသည် ရောဟိဏီ မြစ်တည် ရှိရာသို့ ရောက်လာပြီး မြစ်ကမ်း တစ်ဖက် စီတွင် နေရာယူ ထားကြ သည်။ နှစ်ပြည်ထောင် မှ လူအများတို့ သည်လည်း တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်လျက် ထိုးခုတ် တိုက်ခိုက် မည့်၊ သွေးချောင်းစီးတော့ မည့် အခြေအနေ ရောက်ရှိနေကြသည်။

ထို အခြင်းအရာကို သိမြင်တော် မူသော မြတ်စွာ ဘုရား သည် သဗ္ဗညုတ ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်တော် မူပြီး စစ်တပ် နှစ်တပ် တို့၏ အလယ် ကောင်းကင် ယံ၌ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် သပ္ပာယ်စွာ စံနေတော် မူသည်။ ဘုရားရှင် အား နှစ်ဖက်သော စစ်သည် များ ဖူးမြော်ရသော အခါ စစ်တိုက် လိုစိတ်များ ပျောက်ကင်း ၍ ရှိခိုး ဦးခိုက်ကြသည်။

ရန် စစ်ပြေငြိမ်းရန် မြတ်စွာဘုရား က ဟောကြားသည်။ ထိုအခါ နှစ်ဖက် ကျေအေးကြပြီး နှစ်ပြည် စလုံးမှ လူအချို့သည် မြတ်စွာဘုရား သာသနာတော်တွင်း သို့ ဝင်ရောက်၍ ရဟန်းပြုကြသည်။ စုစုပေါင်း ရဟန်း အပါး ၅ဝဝ ရှိသည်။ ထို ရဟန်းတို့၏ ငြိမ်သက် တည်ကြည်မှု ကို လူနတ်ဗြဟ္မာတို့က အလွန်နှစ်သက် ကြည်ညို ကြ သဖြင့် လာရောက် စုဝေးကြကုန်၏။

 မြတ်စွာဘုရား က ဤသို့ စည်းဝေး ခိုက်တွင် ''မဟာ သမယသုတ်'' ကို ဟောကြားတော် မူသည်။ မဟာသမယ ဆိုသည် စုရုံး စည်းဝေးနေသည့် အချိန် အခါကို ဆိုလိုသည်။ နတ်ဗြဟ္မာ များ ဤသို့ စည်းဝေး ပေါင်းဆုံခိုက် တွင် ဟောကြားတော်မူသည့် မဟာသမယ သုတ် ကို အမြဲ ရွတ်ဖတ်လျှင် နတ်ဗြဟ္မာ တို့ လိုလား နှစ်သက်သည်။ ပစ္စည်းဥစ္စာ ရာထူးဌာနန္တရ တိုးတက်သည် ဟု ယုံကြည်ကြသည်။


လောကုတ္တရာ ဆိုင်ရာ ပညာသင်ကြားနေသူ ရဟန်းသံဃာ တို့က စာတော်ပြန်ပွဲ ကျင်းပသည့် နယုန်လ အချိန် အခါတွင် လောကီ ပညာ သင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူ များ အဖို့မှာ မူ ပညာသင်နှစ် စတင် ဖွင့်လှစ် ချိန်ဖြစ်သည်။ တပေါင်းလ တွင် စာမေးပွဲများ ကျင်းပခဲ့ပြီးနောက် စာမေးပွဲ အောင်မြင် လာသူများ သည် နယုန်လတွင် အတန်း တိုးမြှင့်၍ တက်ရောက် သင်ကြားခွင့် ရရှိကြပြီ ဖြစ်သည်။

သို့ဖြစ်၍ နယုန်လ သည် ရဟန်းသံဃာ များ အတွက် စာတော်ပြန်ပွဲ ကျင်းပသည့် လဖြစ်၍ အရေးပါ သကဲ့ သို့ ကျောင်းသူ၊ ကျောင်းသား များ အတွက် ပညာသင်နှစ် အစ အတန်း တက်ရသည့် အချိန် ဖြစ်၍ အရေးပါလှသည်။

၁၃၁၅ ခုနှစ်မှ စပြီး ရာသီဥတု ပူပြင်းမှုကို အကြောင်းပြုကာ ရဟန်း သံဃာတော် တို့၏ ပါဠိ ပထမပြန် စာမေးပွဲ ကို ဤနယုန်လ တွင် မကျင်းပ ဖြစ်တော့ဘဲ တပေါင်းလ ဖြစ်စေ၊ တန်ခူးလ ဖြစ်စေ အလျဉ်း သင့်သလို ကျင်းပ လာခဲ့သည်မှာ ယနေ့ကာလ အထိပင် ဖြစ်သည်။ သို့သော် နိကာယ် စာမေးပွဲကိုမူ ဤနယုန်လမှာပင် ကျင်းပ သည်ကို တွေ့ရှိ ရပေသည်။


သို့ပါ၍ မုလေး (မြတ်လေး)၊ စံပယ်သင်း ပျံ့သော လ နယုန်သည် မိုးရွာ သွန်းသောလ၊ မဟာသမယ အခါတော်နေ့ ကျင်းပသော လ၊ ရှေးအခါ က ပါဠိ ပထမပြန် စာမေးပွဲ ကျင်းပသော လ၊ ယခုအခါ နိကာယ် စာမေးပွဲ ကျင်းပသော လ၊ လောကုတ္တရာ ဆိုင်ရာ၊ လောကီ ဆိုင်ရာ ပညာတို့ဖြင့် နှီးနွှယ်သော လ၊ ပညာဖြင့် နှီးနွယ် နေသဖြင့် လေးနက်သော အဓိပ္ပာယ် ဆောင်ပြီး မွန်မြတ် သန့်စင် ရိုသေလေးစားအပ်သော လတစ်လ ''စာသမကုန်၊ လနယုန်'' ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါကြောင်း ဂုဏ်မွှမ်းဖော်ပြ ရေးသားလိုက်ရပါသည်။

လူမုန်း (ဓမ္မ​ရောင်​စဉ်​)


နေ့တိုင်းဘ၀သစ် စနိုင်သည်. Powered by Blogger.
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Bluehost Review