မူလ ဂါထာ မှာပါတဲ့ "
ပါပသ္မိံ ရမတိ မနော " ဆိုတဲ့ ပါဠိကို အများအားဖြင့် ကြားဖူးနားဝ
ရှိနေကြပါတယ်။ အဓိပ္ပာယ်လည်း သိနေကြပါတယ်။ စိတ်ဆိုတာ မကောင်းတဲ့ နေရာမှာ
မွေ့လျော် တယ်ပေါ့။ အဲဒါကို တစ်ခုပဲကွက်ယူ လို့တော့ မြတ်စွာဘုရား သခင်၏
အလိုတော်ကို လူငယ်အများ အဖို့ ရိပ်မိ နိုင်ကြ စရာမရှိဘူး။ စိတ်ဆိုတာ
မကောင်းမှုမှာ မွေ့လျော်စမြဲပဲ လေလို့ ထုံးစံ တစ်ခုလို နိယာမ တရားလို မှတ်ယူ
လက်ခံသွား မှာ စိုးရတယ်။ ဂါထာ အပြည့်အစုံကို ဆင်ခြင်မှသာလျှင် ဘုရားသခင်၏
အလိုတော်ကို သိရှိ သုံးဆောင်နိုင်ကြလိမ့်မည်ပင်။
စိတ်ဆိုတာ
မကောင်းမှုမှာ မွေ့လျော်တတ်တာကြောင့် ကုသိုလ်ကောင်းမှု လုပ်မည်ကြံလျှင်
မြန်မြန်သာလုပ်လိုက်ပါ။ နည်းနည်းလေး နှောင့်နှေးနေရင် မကောင်းမှုမှာ မွေ
့လျော်တဲ့စိတ်က ကောင်းမှုကုသိုလ်ကို မလုပ်ဖြစ်အောင် နှောင့်ယှက်ပါလိမ့်မယ်။
အဲဒီ စိတ်ကို နိုင်အောင် တားမြစ်ပါတဲ့ အဲဒီလိုအားလုံးကို ခြုံယူမှ
ယထာဘူတကျပါလိမ့်မည်။
စိတ်ဆိုတာ နွားပေနွားကတ်နှင့်တူတယ်။
အဲဒီနွားကို လှည်းအဆွဲခိုင်းတဲ့အခါ ဖြောင့်ဖြောင့်တန်းတန်း မဆွဲချင်ဘဲ
လမ်းမှဖဲ့၍ သွားချင်သွားတတ်ကြတယ်။ အဲဒါကို သူ့အတိုင်းလွှတ်ထားလို့တော့
ကိုယ်လိုရာ ခရီးမရောက်ဘဲ ဒုက္ခသာ ရောက်စရာရှိတယ်။ လှည်းလမ်းမှ
သွေဖည်ပြီးတော့ ချိုင့်ထဲကျင်းထဲ ဆွဲချင်လည်း ဆွဲသွားလိမ့်မည်။
ကမ်းပါးချောက်ပါးသို့လည်း ဆွဲချင်ဆွဲသွားလိမ့်မည်။ ဒါကို မောင်းတဲ့သူက
နဖားကြိုးနဲ့ ထိန်းပြီးမောင်းမှ ခရီးရောက်ပေလိမ့်မည် အမှန်ပင်။
သဘောကတော့
စိတ်ကို စိတ်နဲ့ပဲ ပြန်ပြီး ထိန်းကျောင်းပြုပြင်ရမှာ ဖြစ်တယ်။
ဤနေရာတွင်
အဘိဓဇမဟာရဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သြဝါဒတစ်ခုကို သတိရလိုက်မိသည်။
“
တစ်ခါတလေ - ကိုယ့်စိတ်ကို (ခွ) လုပ်ပေးရတယ်ကွယ့်၊ (ဆန့်ကျင်ရမည်)၊
ဘယ်လိုလဲဆိုရင် ဘုရားရှိခိုးချိန်မှာ အပျင်းထူပြီး တောင်တောင်ဤဤ
ဆင်ခြေတွေနဲ့ ပေကတ်ကတ် လုပ်နေချင်တယ်၊ ရှိမခိုးချင်ဘူး၊ အဲဒီ
ရှိမခိုးချင်တဲ့စိတ်ကို အရွဲ့  တိုက်ပြီးတော့ ရှိခိုးဖြစ်အောင်
ရှိခိုးပြစ်လိုက်ရတယ်၊ သင်းကို အရှုံးမပေးလိုက်ရဘူး၊ သူမလုပ်ချင်ပါဘူး
ဆိုတာကို ဇွတ်လုပ်ပစ်ရတယ်၊ သို့ကလို အလားတူကောင်းမှုကုသိုလ်တစ်ခုခုမှာ သူက
မလုပ်ချင်ပြန်ဘူး၊ ဆင်ခြေအမျိုးမျိုးတွေနဲ့ ကန့်ကွက်ဖင့်နွဲ့ နေပြန်ရော၊
အဲဒီအခါကျတော့လဲ ‘ ကဲ - နင်မလုပ်ချင်ပေမယ့် ငါလုပ်လိုက်တယ် ‘ လို့
ကိုယ်ကဇွတ်လုပ်ပစ်ရတယ်၊ မကောင်းမှုအကုသိုလ်အမှုကျတော့ သူက သိပ်လုပ်ချင်တယ်၊
လုပ်တော့မယ် လုပ်တော့မယ်လို့ တကဲကဲ ခဏခဏ ဖြစ်တယ်၊ အဲ့ဒါကို ကိုယ်က ‘
နင်လုပ်ချင်ပေမယ့် ငါမလုပ်ဘူးဟဲ့ ‘ လို့ (ခွ) တိုက်ပေးရတယ်၊ အဲဒီတော့
သူအရှုံးပေးသွားရတာပေါ့၊ ကိုယ့်မှာလည်း အကုသိုလ်မဖြစ်လိုက်တော့ဘူး “ - ဟူ၍
မိန့်တော်မူထားသည်။
ဆရာတော်ကြီး၏ စကားမှာ ပို၍ ရှင်းသည်၊ ပို၍
သဘောပေါက်သည်၊ ပို၍ နားလည်နိုင်စရာရှိသည်။ ထို့အတွက် ကြည်ညိုမိပါသည်။
မိဘဘိုးဘွားများက
ပြောသော စကားတစ်ခုရှိပါသေးသည်။ လူတိုင်းမှာ ကိုယ်စောင့်နတ် တစ်ဆယ့်နှစ်ပါး
ရှိတယ်တဲ့။ မကောင်းသောနတ်က ခြောက်ပါး၊ ကောင်းသောနတ်က ခြောက်ပါးတဲ့။
မကောင်းသော နတ်ခြောက်ပါးက မကောင်းမှုတွေကို သွေးဆောင်နှိုးဆော်လေ့ ရှိတယ်တဲ့။
ကောင်းတဲ့နတ်ခြောက်ပါးက မကောင်းမှုတွေကို ဟန့်တားပြီးတော့
ကောင်းတဲ့ကုသိုလ်တွေဖြစ်အောင် တိုက်တွန်းပေးတယ်တဲ့။
အဲသည်နေရာမှာ
မကောင်းတဲ့ နတ်ခြောက်ပါးဆိုတာက မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့
အာယတနခြောက်ပါးကို အမှီပြုပြီး မကောင်းမှုဖြစ်အောင် တိုက်တွန်းတဲ့
နတ်ခြောက်ပါးကို ပြောတာ - ဟုဆိုလိုကြပါသည်။
ကောင်းတဲ့ နတ်ခြောက်ပါးက
အဲသည် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကို အမှီပြုပြီးတော့ ကောင်းမှု
ကုသိုလ်ဖြစ်အောင် နှိုးဆော်တဲ့ နတ်ခြောက်ပါးကို ပြောစမှတ် ရှိကြသည်။ အဲဒီမှာ
မကောင်းတာ လုပ်မယ်ကြံရင် ကောင်းတဲ့နတ်က ဖျက်တယ်တဲ့။ အဲဒီအခါမှာ
မိမိကိုယ်တိုင်က ကောင်းမှုကို လုပ်ဖြစ်အောင် ကောင်းတဲ့ နတ်ခြောက်ပါးဖက်က
(စစ်ကူ) ပေးရသတဲ့၊ အဲသည်စကားဟာ ကလေးများ လိမ္မာစေနိုင်တဲ့ ပညာပေးပုံပြင်
တစ်ခုဖြစ်နိုင်ပါလိမ့်မယ်။ ဆရာတော် ဦးသြဘာသာဘိဝံသ၏ သရုပ်ပြအဘိဓာန်၌
ကိုယ်စောင့်နတ် ဆယ့်နှစ်ပါး - ဟူ၍ ဤသို့ပါရှိပါသည်။
(၁) သတ္တဘာဂနတ် = နဖူးစာကို ရေးမှတ်တတ်သည်။
(၂)
သူရဿတီနတ် = ပညာကို ပွားစေတတ်သည်။
(၃) သကျနတ် = စည်းစိမ်ဥစ္စာကို
ပေးစေတတ်သည်။
(၄) မဟိရာဇာနတ် = အိပ်မက်ကို ပေးစေတတ်သည်။
(၅)
ဝါမသူရနတ် = နိမိတ်ကို ပေးစေတတ်သည်။
(၆) ဇနသူရနတ် = အလှူပေးသည်ကို
ပေးစေတတ်သည်။
(၇) ကရဝါနတ် = ကာမသုခကို ပေးစေတတ်သည်။
(၈) ယောတိကနတ် =
သွားလိုရာလိုက်၍ စောင်မတတ်သည်။
(၉) ကလျာဏမိတ္တနတ် = ကောင်းသောစကားကို
မှတ်သားတတ်သည်။
(၁၀) စန္ဒာဒေဝီနတ် = ကျက်သရေကို စောင့်တတ်သည်။
(၁၁)
နရိန္ဒာ ဒေဝီနတ် = အိပ်သောအခါ ဦးခေါင်းရင်းက စောင့်ရှောက်တတ်သည်။
(၁၂)
ကာလကဏ္ဏီနတ် = ယုတ်မာသော ကံသုံးပါးကို အားပေးတတ်သည်။
(ရှေးဟောင်း
ပုရာဏ်ဟိန္ဒူကျမ်းများ၏ အဆိုအမိန့်ဖြစ်ဟန်တူပါသည်။)
ဓမ္မပဒ
ဝတ္ထုမှာကြည့်လျှင် လင်မယား နှစ်ယောက်ပေါင်းမှ အပေါ်ရုံအဝတ်
တစ်ထည်တည်းသာရှိတဲ့ ဧကသာဋက ဇနီးမောင်နှံ တို့ရဲ့  အကြောင်းကို တွေ့ ရ
ပေလိမ့်မည်။
ဧကသာဋကဆိုတဲ့ ပါဠိကိုက တစ်ထည်တည်းသော အပေါ်
ရုံပုဆိုးလို့ အဓိပ္ပာယ်ရပါသည်။
အနောက် မဇ္ဈိမတိုင်းသား
ပုဏ္ဏားလူမျိုးတို့ ဆိုတော့ သူတို့ရဲ့ အင်္ကျီများအပေါ်မှာ ထပ်၍ လွှမ်းခြုံစရာ
အပေါ်ရုံပုဆိုးကို အသုံးပြုလေ့ ရှိကြတယ်။ ထသွားထလာ လူထဲသူထဲ သွားတဲ့အခါမှ
သုံးတဲ့ သားသားနားနား အဖိုးထိုက် အဖိုးတန် ပစ္စည်းတစ်ခုပေါ့။ အဲဒါကလည်း
တစ်ထည်တည်းရှိတယ်။ ဒါ့ကြောင့် ဧကသာဋကပုဏ္ဏားလင်မယားလို့ အမည်တွင်တယ်။
အလှူအတန်း ပွဲနေပွဲထိုင် သွားရမည်ဆိုလျှင် လင်ဖြစ်သူက သွားလျှင် မယားက
အိမ်မှာနေခဲ့ရတယ်။ မယားဖြစ်သူက သွားရမည့်ပွဲမျိုးဆိုလျှင် လင်ဖြစ်သူက
အိမ်မှာ နေခဲ့ရတယ်။ တစ်ယောက်တလဲစီသာ ဝတ်နိုင်ကြတယ်ပေါ့လေ။
သူတို့လင်မယားဟာ
ပစ္စည်း မချမ်းသာပေမယ့် ရတနာသုံးပါးကို သဒ္ဓါမြတ်နိုးတဲ့ စိတ်ကောင်း
စိတ်မြတ် ရှိကြပါတယ်။ သို့ပေမယ့် ဇေတဝန်ကျောင်းတော်ကို ဘုရားဖူးရအောင်
တရားတော်နာရအောင် သွားကြရမယ့် ကိစ္စာမှာတော့ လင်စုံမယားဖက် အတူတကွ
မသွားနိုင်ကြရှာပါဘူး။ လူတောတိုးစရာ အဝတ်က တစ်ထည်တည်း ရှိတာဆိုတော့ပေါ့လေ။
ဒီတော့
ဘယ်လိုလုပ်ကြမလဲ၊ လူမြင်သူမြင် နေ့လယ်နေ့ခင်းမှာ မယားဖြစ်သူက
ဇေတဝန်ကျောင်းတော်ကို သွားရပါတယ်။ မိန်းမသားဆိုတော့ မိမိဆင်ယင်ထားတဲ့
အဝတ်အထည် လှလှလေးကို သူများက မြင်စေချင်သေးတယ်ပေါ့။ မယားဖြစ်သူက ပြန်လာလို့
ညဦးပိုင်း ရောက်ခါမှ လင်ဖြစ်သူက ကျောင်းတော်ကိုသွားပြီး တရားနာရပါတယ်။
တစ်နေ့သော ညဦးပိုင်းမှာ ပုဏ္ဏားကြီးက အပေါ်ရုံပုဆိုးကို ခြုံ၍
ဇေတဝန်ကျောင်းမှာ ဗုဒ္ဓ၏ တရားတော်ကို နာယူနေပါတယ်။ အဲသလို တရားတော်ကို
နာနေရင်းက မြတ်စွာဘုရားကို ပီတိငါးဖြာဖြင့် ကြည်ညိုလာပါတယ်။ ပီတိဆိုတာ
နှစ်သက်ခြင်းကို ခေါ်ပါတယ်။ ငါးပါးအပြားရှိတယ်။
၁။ ခုဒ္ဒကာပီတိ =
ကြက်သီးမွေးညင်းထလာသော နှစ်သက်ခြင်းမျိုး၊
၂။ ခဏိကာပီတိ =
လျှပ်စီးပြက်သကဲ့သို့ ရွှင်ပျနှစ်သက်ခြင်းမျိုး၊
၃။ သြက္ကန္တိကပီတိ =
လှိုင်းထသလို ခံစားရသောနှစ်သက်ခြင်းမျိုး၊
၎။ ဥဗ္ဗေဂါပီတိ = တစ်ကိုယ်လုံး
ကြွတက်သွားတော့မတတ် နှစ်သက်ခြင်းမျိုး၊
၅။ ဖရဏာပီတိ = တစ်ကိုယ်လုံး
ဂွမ်းဆီထိသကဲ့သို့ အိမ့်သွားသောနှစ်သက်ခြင်းမျိုး၊
အဲသည်လို
ပီတိငါးမျိုးနှင့် ကြည်ညိုလွန်းရှာလို့ မိမိအပေါ်ရုံပုဆိုးကို သင်္ကန်းလျာ
အဖြစ် လှူဒါန်းလိုတဲ့ စိတ်များ တဖွားဖွားပေါ်နေပါတယ်။ အဲဒီလို ပေါ်နေကြားကပဲ -
“
တို့လင်မယားမှာ ဒီပုဆိုး တစ်ထည်တည်းသာ ရှိတယ်၊ ယခုသော်မှ တစ်ယောက်သွားရင်
တစ်ယောက အိမ်မှာ နေရစ်ခဲ့ရတယ်၊ ဗုဒ္ဓသခင်အား လှူဒါန်းလိုက်ရင် တို့လင်မယား
နှစ်ယောက်စလုံး မြို့ ထဲကို ဘယ်သူမှ ထွက်လာနိုင်တော့မယ် မဟုတ်ဘူး၊ လှူလို့
မဖြစ်သေးပါဘူးလေ “ လို့ စဉ်းစားပြီး တွန့်တိုနေမိပြန်တယ်။
ဗုဒ္ဓကိုယ်တော်မြတ်က
တရားဟောတော်မူလျက်ရှိတယ်။ ပုဏ္ဏားကြီးကလည်း တရားနာလျက်ပဲရှိတယ်။
လှူဒါန်းချင်တဲ့စိတ်က ထပ်ဆင့်ပေါ်ပေါက်လာပြန်တယ်။ လှူလို့ မဖြစ်သေးပါဘူးလေ
ဆိုတဲ့စိတ်ကလည်း ဟန့်တားနေပြန်တယ်။
လှူလိုတဲ့စိတ်က သဒ္ဓါတရား၊
မလှူလိုတဲ့စိတ်က
မစ္ဆေရတရား၊
ရတနာသုံးပါးကို ယုံကြည်သောစိတ်နှင့် ရက်ရောစွာ
လှူဒါန်းလိုတာက ကုသိုလ်တရား၊ မလှူဖြစ်အောင် တွန့်တိုဖျက်ဆီးနေတာက
အကုသိုလ်တရား။
ပုဏ္ဏားကြီးရဲ့  နာမ်ခန္ဓာမှာ သဒ္ဓါစိတ်နှင့် မစ္ဆေရစိတ်
အကြိတ်အနယ် တိုက်ပွဲဝင်နေကြတယ်။ လူကသာ ရိုရိုသေသေ တရားနာနေရသော်လည်း
သူ့စိတ်ထဲမှာတော့ သဒ္ဓါစိတ်နှင့် မစ္ဆေရစိတ် တို့က ပြင်းပြင်းထန်ထန်
တိုက်ခိုက်နေကြတဲ့အတွက် ပင်ပန်းရနေရတယ်၊ ချွေးသီးချွေးပေါက်များပင်
စို့ထွက်လာကြတယ်။ ညဥ့်ဦးယံ ကုန်ဆုံးလို့ သန်းခေါင်ယံ ရောက်ခဲ့ရပါပြီ။
စစ်ပွဲက မပြီးသေးပါဘူး။ ဘယ်သူ့ကိုမှလည်း ဘယ်သူက မနိုင်ကြသေးပါဘူး။
မိမိကိုယ်တိုင် ဒီအဝတ်ပုဆိုးဖြင့် အိမ်ထဲမှ မထွက်ရတာထက် မိမိ၏ ဇနီး ပုဏ္ဏေးမ
ခမျာ လှလှပပ ဝတ်ဆင်ပြီး အိမ်ထဲမှ မထွက်ရမှာကို ပူပင်ကြောင့်ကြနေမိတယ်။
ဒီလိုနဲ့ မိုးသောက်ယံသာ ရောက်လာပါရော၊ စစ်ပွဲက မပြီးတဲ့အပြင် ကြီးသည်ထက်
ကြီးနေတော့တယ်။ နာမ်ခန္ဓာ စစ်ပွဲတို့ရဲ့ စစ်မြေပြင် ဖြစ်နေရတဲ့
ရုပ်ခန္ဓာကြီးမှာလည်း ပင်ပန်းလှပြီ၊ ဆင်းရဲလှပြီတကား။
အရှေ့လောကဓာတ်မှ
အရုဏ်က အမိုက်တိုက်များကို ဖောက်ထွင်း၍ ပီပီပြင်ပြင် လင်းရောင်ခြည်
သန်းလာခဲ့ပြီး အရုဏ်လင်းရောင်ခြည် နှင့်အတူ ပုဏ္ဏားကြီး၏ စိတ်မှာလည်း
လင်းရောင်ခြည် ထွက်လာခဲ့သည်။
ငါဒီအဝတ်ပုဆိုးကို ဘာဖြစ်လို့
နှမြောတွန့်တိုနေရတာလဲ၊ ငါတွန့်တိုနေတာဟာ အဝတ်ပုဆိုးကို နှမြောလို့
မဟုတ်ပါဘူး၊ ငါ့မယား ပုဏ္ဏေးမ လှလှပပ မဝတ်ရမှာ ဆိုးတဲ့ စိတ်ကြောင့်ပါ။
အဲဒီအဝတ်ပုဆိုးကို
မဝတ်ရလို့ ငါ့မယားကို လူတကာက အရုပ်ဆိုးသွားပြီလို့ ပြောကြမလား၊
ပြောကြပါစေပေါ့။ ဒီအဝတ်ပုဆိုးကို မဝတ်ရလို့ ပုဏ္ဏေးမက ငါ့ကို ငြိုငြင်ပြီး
အပြစ်တင်မလား၊ တင်ပါစေပေါ့။ ဒီပုဆိုးကို မဝတ်ရလို့ သူသေသွားမလား၊ မသေပါဘူး။
ငါ့မှာကော
ဒီပုဆိုးမတင်လွှမ်းရလို့ မြို့ထဲမထွက်နိုင်ဘူးလား၊ ထွက်နိုင်သားပဲ။
တရားနာမလာနိုင်ဘူးလား၊ လာနိုင်သားပဲ။ ဒါဖြင့် ငါ့မယားအတွက်ရော ငါ့အတွက်ရော
ဒီပုဆိုးနဲ့ ပတ်သတ်ပြီး သံယောဇဉ်ပြတ်ပြီပေါ့၊ သံယောဇဉ် ပြတ်ရင်
တဏှာပြတ်ပြီပေါ့၊ တဏှာပြတ်ရင် လောဘမဖြစ်တော့ဘူးပေါ့။ လောဘမဖြစ်ရင်
အလောဘပေါ့။ အလောဘဆိုရင် စွန့်နိုင်သော စာဂပေါ့။ စာဂကို သဒ္ဓါနဲ့တွဲရင်
မစ္ဆေရဟာ ဘာခံနိုင်မှာလဲ။
သူကိုယ်တိုင် သဒ္ဓါစိတ်စစ်သည်တော်များဘက်က
စစ်ကူပေး၍ ရွပ်ရွပ်ချွံချွံဝင်၍ တိုက်လိုက်တယ်။ အဲသည်တော့မှ မစ္ဆေရစစ်တပ်ဟာ
ဖရိုဖရဲ ပြိုကွဲပြီး အလူးအလဲဖြင့် ထွက်ပြေးတော့တယ်။ အဲသည်လို
နိုင်တဲ့အခိုက်မှာ တွန့်ဆုတ် နုံ့နှေးမနေတော့ဘဲ အပေါ်ရုံကို ကိုယ်ကခွာ၍
ဗုဒ္ဓဘဂဝါ၏ ခြေတော်ရင်းတွင် ဖြန့်ခင်းလိုက်တယ်။
“ တပည့်တော်ကို
သနားချီးမြှောက်သောအားဖြင့် ဤပုဆိုးကို အလှူခံတော်မူပါဘုရား “
မြတ်စွာဘုရားက
ဆိတ်ဆိတ်နေတော်မူခြင်းအားဖြင့် လက်ခံတော်မူသည်။ အဲဒီ နောက်မှာတော့
မုနိငါးပါးကို အစိုးရတော်မူတဲ့ မုနိန္ဒာဘိပဝရအတုလမုနိ မြတ်စွာဘုရားသခင်သည်
ဗုဒ္ဓကိစ္စပြုတော်မူရန်အလို့ငှာ မဟာဂန္ဓကုဋိတိုက်တွင်းသို့
ကြွဝင်စံမြန်းတော်မူပါတယ်။ တရားပွဲပြီးဆုံးသည်ဖြစ်လို့ ဧကသာဋကပုဏ္ဏားလည်း
ရွှင်လန်းသောစိတ်ဖြင့် ကျောင်းတော်ကြီး၏ အပြင်ဘက်သို့ ထွက်လာခဲ့တယ်။
ဗုဒ္ဓ၏
ပရိသတ်လေးပါးနှင့် ကင်းတဲ့နေရာရောက်တော့ အလှူဒါနကြီးပြီးမြောက်အောင်
ကျားကုတ်တရ တိုက်ယူခဲ့ရသည့် သဒ္ဓါ - မစ္ဆေရစစ်ပွဲကြီးမှာ အောင်နိုင်သူပီပီ
ဝမ်းသာလွန်းလို့ လက်ရုံးဆန့်တန်းကာ ‘ဇိတံမေ, ဇိတံမေ, ဇိတံမေ ‘ – “
ငါအောင်ပြီ - ငါအောင်ပြီ - ငါအောင်ပြီ ” လို့ သုံးခွန်း သုံးဆင့်
လွတ်လွတ်လပ်လပ် ကြွေးကြော်လိုက်မိတယ်။ ဒီအချိန်မှာ ဘယ်အခါက
ရောက်လာသည်မသိသော ကောသလမင်းကြီးက ပုဏ္ဏားရဲ့ အောင်ပြီဆိုတဲ့ ကြုံးဝါးသံကို
အထိတ်တလန့် ကြားလိုက်ရတယ်။ အဲဒီနောက်မှာ ဘုရင်ကြီးဟာ ကြွေးကြော်တဲ့သူကို
အလျင်အမြန်ခေါ် ပြီးတော့ ဘာ့ကြောင့်ဒီလို အော်ဟစ်ကြွေးကြော် ရတာလဲ ဆိုပြီး
စစ်ဆေးတော့တယ်။
ဧကသာဋကပုဏ္ဏားက သူ့ရဲ့ သဒ္ဓါတရားစစ်ပွဲမှာ
အောင်လို့အော်ရပါကြောင်း သံတော်ဦးတင်လိုက်တယ်။ အဖြစ်အပျက်အားလုံးကိုလည်း
အစစ်ခံလိုက်တယ်။ ဒီတော့မှ တစ်ထည်တည်းသာရှိတဲ့ ပုဆိုးကို ရက်ရက်ရောရော
လှူဒါန်းတဲ့ ပုဏ္ဏားအား ချီးမွမ်းထောမနာ ပြုတော်မူတယ်။ သာဓုခေါ်တော်မူတယ်။
ဧကသာဋကပုဏ္ဏားလင်မယားမှာ ပုဆိုးတစ်ထည်တည်းသာ ရှိတယ်ဆိုတာကတော့
တိုင်းသိပြည်ကျော် ဖြစ်နေတယ် မဟုတ်လား။ ဒီတော့ ကောသလဘုရင်ကြီးက ငါ့ထက်
မခေါက်မရက် စွန်းစားနိုင်ပါပေတကားလို့ ချက်ချင်းပဲ ပုဆိုးတစ်ထည်ကို
အစားပေးတယ်။ ပုဏ္ဏားက အဲဒီပုဆိုးကို ဗုဒ္ဓအား ရည်စူးလှူပါတယ်လို့
သွားလှူလိုက်ပါတယ်။ ဘုရင်ကြီးက နောက်ထပ် နှစ်ထည်ပေးပါတယ်။ အဲဒါကိုလည်း
ပုဏ္ဏားက ဘုရားကိုပဲ သွားလှူလိုက်ပါတယ်။ အဲသည်လိုနည်းနဲ့ ဘုရင်ကြီးက
လေးထည်ပေးလိုက် ပုဏ္ဏားကြီးက သွားလှူလိုက်၊ ဘုရင်ကြီးက နှစ်ဆတိုးပြီး
ရှစ်ထည်ပေးလိုက်၊ ပုဏ္ဏားက သွားလှူလိုက်၊ ဘုရင်ကြီးက တစ်ဆယ့်ခြောက်ထည်
ပေးလိုက်၊ ပုဏ္ဏားက သွားလှူလိုက်နဲ့ပေါ့။ အဲသည်နောက် ဘုရင်ကြီးက
နှစ်ဆတိုးပြီး သုံးဆယ့်နှစ်ထည် ပေးပြန်ရော။ ဒီအခါကျမှ ပုဏ္ဏားကြီးက
တွေးမိတယ်။ အင်း ‘ ငါ တစ်စုံတစ်ခုမှ လက်မခံဘဲ ပေးသမျှကိုသာ လှူနေရင်
တချို့လူတွေက နှစ်ဆ တိုးရလို့ တိုးသည်ထက် တိုးရအောင် ဉာဏ်ဆင်နေတာပါကွာ ‘
လို့ ပြောနိုင်စရာရှိတဲ့အကြောင်း စဉ်းစားလိုက်မိတယ်။
ဒီလိုလှူတဲ့
ဧကသာဋကပုဏ္ဏားကြီးရဲ့ အတိတ်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် သူ့ သဒ္ဓါတရားတွေ
ဆင့်ကဲဆင့်ကဲ ပေါ်လာနိုင်တဲ့ စိတ်အစဉ်ကို သိနိုင်ကြပါလိမ့်မယ်။
တစ်ထည်တည်းရှိတုန်းကသော်မှ
လှူရက်သေးတာပဲ၊ အဲသည်လို လှူတုန်းကလည်း နောက်ထပ် အစားရလိမ့်မယ်လို့
မျှော်လင့်ခဲ့တာမဟုတ်ဘူးလေ။ သူ့သဒ္ဓါတရားအပေါ်မှာ အရင်းတည်ပြီး ရခဲ့တဲ့
ပုဆိုးတွေကို လှူလိုက်ရမှာကတော့ ဘယ်နှမြောတွန့်တိုနေတော့မလဲ။ ရသမျှဟာ
အမြတ်ချည်းပေါ့။ စစ်ကိုနိုင်စရှိတဲ့သူဟာ နယ်ချဲ့ လာနိုင်တဲ့နည်းတူ
သူ့သဒ္ဓါတရားကလည်း နယ်ချဲ့လာနိုင်တော့တာပေါ့။ အဲဒီအခါမှာ မစ္ဆေရဆိုတဲ့ စိတ်က
ခေါင်းတောင် မပြူဝံ့တော့ပါဘူး။ ဒါ့ကြောင့် ဘုရင်ကြီးပေးတဲ့
သုံးဆယ့်နှစ်ထည်အနက်က သူတို့လင်မယားအတွက် နှစ်ထည်သာ ယူပြီးတော့ ကျန်သမျှကို
ဘုရားအားလှူပြန်တယ်။ (ဝိပဿီဘုရား လက်ထက်တော်က အဲသည် ဧကသာဋကပုဏ္ဏားဟာ
ခြောက်ဆယ့်လေးထည်အထိ လှူဖူးသော ပါရမီရှင်ဖြစ်ပါတယ်။)
ကောသလမင်းကြီးက
သူပေးသမျှ ဗုဒ္ဓကိုသာလှူနေတဲ့ ပုဏ္ဏားကို ကြည်ညိုသည်ထက် ကြည်ညိုလာတယ်။
ဒါ့ကြောင့် အဖိုးတစ်သိန်းစီထိုက်တဲ့ ကမ္ဗလာနှစ်ထည်ကို ဆုပေးပြန်တယ်။ ပုဏ္ဏားက
ကမ္ဗလာတစ်ထည်ကို ဗုဒ္ဓရဲ့ ဂန္ဓကုဋိတိုက်အိပ်ရာနေရာတော် အထက်မှာ
ဗိတာန်ဖွဲ့ကြက်ပြီးတော့ လှူလိုက်တယ်။ တစ်ထည်ကို သူ့အိမ်မှာ
ဆွမ်းစားကြွတော်မူမည့် သံဃာနေရာတော်အထက်မှာ ဗိတာန်ဖွဲ့ကြက်ပြီးတော့
လှူပြန်တယ်။
တစ်နေ့မှာ ကောသလမင်းကြီးက ဘုရားကိုယ်တော်မြတ်ကို
သွားရောက် ဖူးမြော်တော့ မိမိရဲ့ အဖိုး တစ်သိန်းတန် ကမ္ဗလာကို
ဗိတာန်မျက်နှာကြက်ပြု၍ လှူထားကြောင်း တွေ့ရပြန်တယ်။ အဲသည်အခါမှာတော့
ကောသလမင်းကြီးက -
ဒီတစ်ခါဖြင့် ပုဏ္ဏားက ပြန်မလှူနိုင်မည့်
ဆုမျိုးကိုပေးမှပဲဟု ဆုံးဖြတ်တော်မူပြီး ဆင်လေးစီး၊ မြင်းလေးစီး၊
ကညာလေးယောက်၊ ကျွန်မလေးယောက်၊ ယောက်ျားလေးယောက်၊ အသပြာလေးထောင်၊
ရွာလေးရွာတို့ကို ဆုပေးတော်မူတယ်။
အဲသည်လို လေးပါးစီ
ခုနှစ်မျိုးတိုင်အောင် များပြားစွာပေးတဲ့အတွက် သဗ္ဗစတုက္ကအလှူလို့ ခေါ်တယ်။
ထိုပစ္စည်းများကိုတော့ ဗုဒ္ဓဘုရားသခင်က အလှူခံတော်မူခြင်းမရှိဘူးလေ။ (
ဗြဟ္မဇာလသုတ်တွင် ကြည့်ပါ။)
ဒီနေရာမှာ ဧကသာဋကပုဏ္ဏားနှင့်
ကောသလမင်းကြီးတို့ သဒ္ဓါစစ်ပွဲတိုက်တယ်လို့ ဆိုရပါလိမ့်မယ်။
အဲသည်စစ်ပွဲမျိုးကတော့ အကုသိုလ်မဟုတ်နိုင်ဘူးလေ၊ ကောသလမင်းကြီးက ဧကသာဋက
ပုဏ္ဏားကြီးအား ထိုကဲ့သို့ သဗ္ဗစတုက္ကဆုကြီးကို ပေးလိုက်တာကို
သာဝတ္ထိတစ်ပြည်လုံး ဟိုးလေး တကျော်ကျော် ဖြစ်သွားတယ်။ ဇေတဝန်ကျောင်းတော်က
ရဟန်းများမှာလည်း ဧကသာဋက ပုဏ္ဏားရဲ့ အကျိုးပေးပုံကို တအံ့တသြ ပြောနေကြရတယ်။
အဲသည်အခါမှာ မြတ်စွာဘုရား ကြွလာတော်မူပြီး ထိုစကားနှင့်စပ်၍ ရဟန်းတို့အား
မိန့်ကြားတော်မူသည်။
“ ရဟန်းတို့၊ ဧကသာဋက ပုဏ္ဏားကြီးသည် အကယ်၍
ညဥ့်ပထမယံ၌ ပေးလှူဖြစ်လျှင် သဗ္ဗသောဠသက မည်သော တစ်ဆယ့်ခြောက်ခု အစုရှိသော
ဆုကို ရပေရာ၏။ မဇ္ဈိမယံ၌ လှူနိုင်စွမ်းခဲ့အံ့၊ သဗ္ဗဌကမည်သော ရှစ်ခုအပေါင်း
အစုရှိသော ဆုကို ရပေရာ၏။ ယခုကား ပစ္ဆိမယံ၌သာလျှင် လှူဒါန်းခဲ့သောကြောင့်
သဗ္ဗစတုက္ကဆုကိုသာ ရလေ၏။
“ ချစ်သားတို့၊ ကောင်းမှု ကုသိုလ်ကံကို
ပြုလုပ်လိုသည့် စိတ်ဖြစ်ပေါ်သော တစ်ခဏ၌ပင် ဆောလျင်စွာ ပြုလုပ်၏။ နှုန့်နှေး
ကြန့်ကြာပြီးမှ ပြုလုပ်သော ကုသိုလ်သည် အကျိုးပေးနှုန်း နှေးတတ်၏
“ဟုမိန့်တော်မူပါတယ်။
ထိုဒေသနာတော်၏ အဆုံးမှာ ရှင်၊ လူတို့ သောတာပန်
တည်ကြရတယ်။
“ ယောနိသောမနသိကာရ “ ဖြင့် စိတ်ကို စိတ်နှင့် (ခွ)
တိုက်ရမည်ဟူသော မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သြဝါဒအထူးကိုလည်း ပြန်၍
သတိရစေပါသည်။ ထိုမှတစ်ပါး မစ္ဆေရစိတ်သည် နည်းပရိယာယ် ဆင်ခြင်ဆင်လက်
တည်းဟူသော စစ်သည်တော်တို့ဖြင့် မိမိ၏ သဒ္ဓါစိတ်ကို ဝိုင်းဝန်းနှောင့်ယှက်
ဖျက်ဆီးတတ်ကြကြောင်း၊ ထိုအခါ သဒ္ဓါတရားကို အောင်မြင်ရန် မိမိ၏ ပညာတည်းဟူသော
အင်အားဖြည့်စစ်ကူများ အရေးတကြီးလိုအပ်ကြောင်း ဝတ္ထု သာဓကတစ်ခုကို
တွေးလိုက်မိပြန်ပါသည်။ ထိုဝတ္ထုမှာ အရှင်သီဝလိရဟန္တာမထေရ်နှင့်
နှီးနွှယ်ဆက်စပ်နေပေသည်။ ရှင်သီဝလိမထေရ်ကား လာဘ်လာဘ ရလွယ်ခြင်းအရာ၌ ဧတဒဂ်ရ၍
ထင်ရှားသော ရဟန္တာတစ်ပါး ဖြစ်သည်။
ထိုရှင်သီဝလိ
အလောင်းတော်သတို့သားကို မယ်တော်ဖြစ်သော သုပ္ပဝါသာကောလိယ အမျိုးနွယ်
မင်းသမီးသည် ခုနစ်နှစ်တိုင်တိုင် ကိုယ်ဝန်ဆောင်ခဲ့ရ၍ ခုနစ်ရက်တိုင်တိုင်
ဝေဒနာခံစားရပြီးမှ မွေးနိုင်ခဲ့လေသည်။ တစ်ခုသော အတိတ်ဘဝတွင် သားဖြစ်သော
ဘုရင်အား ရန်သူ၏ မြို့ကို ခုနစ်ရက်တိုင်တိုင် ဝန်းရံဆို့ပိတ်၍
လုပ်ကြံတိုက်ခိုက်စေသော စစ်ဗျူဟာကို အကြံပေးမိသည့် အကုသိုလ်ဝိပါက်ကြောင့်
ဖြစ်လေ၏။
မွေးဖွားလုဆဲဆဲ၌ ပြင်းပြသောဝေဒနာ ခံစားနေရသော်လည်း
ရတနာသုံးပါး၏ ဂုဏ်ကို ယုံကြည် အောက်မေ့လျက် ခင်ပွန်းသည်ဖြစ်သော
ကောလိယမင်းသားကို မြတ်စွာဘုရားထံ သွားရောက်၍ သနားကယ်မပါမည့် အကြောင်း
ဆုတောင်း လျှောက်ထားစေသည်။ မြတ်စွာဘုရားသခင်က ‘ သုပ္ပဝါသာ မင်းသမီးသည်
ချမ်းသာစွာ မွေးဖွားစေသတည်း ‘ ဟု ဆုပေးတော်မူလိုက်၏။ ထိုအချိန်မှာပင်
သတို့သားအား ချမ်းသာစွာ မွေးဖွားရ၏။ ကောလိယမင်းသား ပြန်ရောက်သောအခါ -
“
အရှင်မင်းသား၊ ရတနာသုံးပါး၏ ဂုဏ်ကား ကြီးမားလှပေစွ။ ဗုဒ္ဓအား
တမ်းတလိုက်ချိန်မှာပင် ဤသတို့သားငယ်ကို ချမ်းသာစွာ မွေးဖွားရပါ၏။
ထို့ကြောင့် သားငယ် ခုနစ်ရက်မြောက်သော နေ့တွင် ဗုဒ္ဓကိုယ်တော်ကို အမှူးပြု၍
သံဃာတော်အား ခုနစ်ရက်နှင်နှင် နေ့စဉ်ရက်ဆက် ဆွမ်းလုပ်ကျွေးလိုပါသည်။
ပင့်လျှောက်ချေပါဦး “ ဟု ဘုရားထံသို့ ပြန်လွှတ်လိုက်ပြန်သည်။
ကောလိယမင်းသားသည်
သုပ္ပဝါသာ၏ အလိုအတိုင်း မြတ်စွာဘုရားထံ သွားရောက် လျှောက်ထားလေသည်။
သုပ္ပဝါသာမင်းသမီး၏ ဖိတ်မန်လျှောက်ထားသော ခုနစ်ရက်အတွင်းမှ နေ့တစ်နေ့သည်
ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က သူ၏ ဒါယကာ သူဌေးတစ်ဦး၏ အိမ်သို့
ဆွမ်းစားကြွရန် လျှောက်ထားနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက
အရှင်မဟာမောဂ္ဂလာန်အား သူ၏ ဒါယကာသူဌေးဆွမ်းရက်ကို ပြောင်းလွှဲ ကပ်လှူရန်
အသိပေးပါချေဟု စေလွှတ်တော်မူ၏။ အရှင်မဟာမောဂ္ဂလာန်သည် သူဌေးထံသို့သွားကာ
မူလရည်မှန်းသော ရက်အစား နောက်တစ်ရက်ရက်တွင် ကပ်လှူရန် တိုက်တွန်းရသည်။
ထိုတွင် သူဌေးကြီးက ဆို၏။
“ အရှင်ဘုရား - ထိုနေ့ရက်ကို မှတ်သား၍
လှူဖွယ်ကိစ္စအလုံးစုံ စီစဉ်ထားပြီး ဖြစ်ပါသည်။ မပြောင်းမလဲ ပါရစေနှင့် “
ဟုဆို၏။ အရှင်မဟာမောဂ္ဂလာန်က ပြောင်းလဲပေးရန် တိုက်တွန်းတော်မူ၏။ ထိုအခါ
သူဌေးက -
“ အရှင်ဘုရား - အလုံးစုံသည် မမြဲဟု အရှင်ဘုရားတို့ဆိုပါ၏။
အကယ်၍ ထိုထို ကာလအတွင်း တပည့်တော် စည်းစိမ်ဥစ္စာများ ဆုံးပါးပျက်စီးသွားသည်
ရှိသော် ဘုရားရှင်အား ဆွမ်းမကပ်လှူလိုက်ရ ဖြစ်ပါလိမ့်မည် ဘုရား “ - ဟု
လျှောက်၏။ တန်ခိုး အဘိညာဉ်အရာ၌ ဧတဒဂ်ရတော်မူထားသော အရှင်မဟာမောဂ္ဂလာန်သည်
အနာဂတံသ အဘိညာဉ်ဖြင့် ဆင်ခြင်တော်မူပြီးလျှင် -
“ သူဌေးကြီး၊ သင်၏
စည်းစိမ်ချမ်းသာတို့သည် တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံး ဆုတ်ယုတ်မည်မဟုတ်၊
တိုးပွားသည်ထက်သာ တိုးပွားလာမည် “ - ဟု အာမ ခံတော်မူရသည်။ ထိုသူဌေးက
တစ်ဆင့်တက်ပြန်၍ -
“ အရှင်ဘုရား၊ ပစ္စည်းက လူကို စွန့်သည်လည်းရှိပါ၏။
လူက ပစ္စည်းကို စွန့်သည်လည်း ရှိပါ၏။ ကွေးသောလက်သည် မဆန့်မီ၊ ဆန့်သောလက်သည်
မကွေးမီ သေခြင်းတရားကား မြန်လှပါဘိ၏။ အကယ်၍ ထိုရက်အတွင်း တပည့်တော်
သေလွန်သွားသည်ရှိသော် ဗုဒ္ဓမြတ်စွာအား ဆွမ်းမကပ်ရဘဲ ရှိချေတော့မည် “ - ဟု
စောဒက တက်ပြန်၏။
ထိုအခါတွင်လည်း ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည်
အနာဂတံသ အဘိညာဉ်၌ ဝင်စားပြီးလျှင် -
“ မစိုးရိမ်လင့် ဒကာသူဌေးကြီး၊
အသင်၏ အသက်ဇီဝသည်လည်း တစ်ဆယ့်နှစ်နှစ်ကာလအတွင်း အနာရောဂါမျှ မရှိ “ - ဟု
အာမ ခံလိုက်ရပြန်ပါသည်။
ထိုအခါ သူဌေးကြီးက ထပ်တွန့်
ဆင်ခြေတက်လာပြန်လေ၏။ “ တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံတော်မူသော
အရှင်မြတ်ဘုရား၊ တပည့်တော်၏ စည်းစိမ်ချမ်းသာ တို့သည်လည်း မပျက်မစီးသေး၊
တပည့်တော်၏ အသက်ဇီဝသည်လည်း မသေဆုံးသေးဟူသော အရှင်မြတ်စကားကို
အလေးအနက်ယုံကြည်ပါ၏။ သို့သော် ပစ္စည်းနှင့် အသက် မပျက်စီးသေးပါဘဲလျက်
ရတနာသုံးပါး၏ ဂုဏ်ကို ယုံကြည်သောစိတ်၊ ကံကံ၏ အကျိုးကို ယုံကြည်သောစိတ်တည်း
ဟူသော သဒ္ဓါတရားသည် ထိုထိုရက်အတွင်း၌ ပျက်စီးသွားသည် ရှိသော် တပည့်တော်သည်
မြတ်စွာဘုရားအား ဆွမ်းမလုပ်ကျွေးရဘဲ ရှိရချေတော့မည်။ ထိုသဒ္ဓါတရားကို
အရှင်ဘုရား တာဝန်ယူပါမည်လား “ - ဟု လျှောက်ပြန်၏။ ထိုအခါ၌ကား
အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် ဒါယကာသူဌေးကြီးအား စေ့စေ့ကြည့်၍
ဤသို့ဆိုရလေတော့သည်။
“ ဒါယကာသူဌေးကြီး၊ ငါ၏ အဘိညာဉ်ဖြင့် အသင်၏
စည်းစိမ်ကို မပျက်စီးရာ တာဝန်ခံနိုင်စွမ်းရှိပါ၏။ သင်၏ အသက်ကိုလည်း
မပျက်စီးရာ တာဝန်ခံနိုင်စွမ်း ရှိပါ၏။ သင်၏ သဒ္ဓါတရားကို မူကား
ပျက်ပြားဖောက်ပြန်စေနိုင်သော မစ္ဆေရစိတ်တို့က ပရိယာယ်အသီးသီး
နည်းအထွေထွေဖြင့် တိုက်ခိုက်တတ်ကြသောကြောင့် မပျက်စီးပါဟု
တာဝန်ခံနိုင်စွမ်း မရှိပါ။ အသင်သူဌေးကြီး၏ သဒ္ဓါစိတ်ကို အသင်သူဌေးကြီး၏ ‘
သတိပညာ ‘ ဖြင့်သာ မပျက်စီးအောင် စောင့်ရှောက်ရပေလိမ့်မည် “ - ဟု
ဟောတော်မူလေသည်။
ထိုအခါ သူဌေးကြီးသည် တရားတော်ကို ကြည်ညိုလှသည်ဖြစ်၍
“ သာဓု၊ သာဓု၊ ဤတရားသည် တပည့်တော်အား အလွန်ကျေးဇူးများလှပါဘိသည်။
အံ့သြဖွယ် ရှိလှပါပေသည်။ တပည့်တော်၏ သဒ္ဓါစိတ်ကို တပည့်တော်၏ သတိပညာဖြင့်
အမြဲ စောင့်ရှောက်ပါမည် ဘုရား “ - ဟု သဒ္ဓါမြတ်နိုး ရှိခိုးလိုက်သည်။
ဤဝတ္ထုကို
အကျဉ်းချုံး၍ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားက မဃဒေဝလင်္ကာကြီးတွင် ဤသို့
ရေးသားတော်မူခဲ့ပါသည်။
"
ထင်ရှားကျော်ဟိုး၊ ဘိညာဉ်စိုးသား
တန်ခိုးကြီးစွာ၊ ရဟန္တာလည်း
ဥစ္စာအသက်၊
နှစ်ပါးတွက်ကို
မပျက်စီးရာ၊ ဝန်ခံစွာလျက်
သဒ္ဓါဟူညား၊ ဤတရားမူ
ဖောက်ပြားယွင်းသွေ၊
မစ္ဆေဖီသန်း
ပျက်လွယ်စွမ်းကြောင့်၊ ခံထမ်းပိုင်ပိုင်
ထိုသဒ္ဓါကို၊
ပညာကွန့်ထွေ
မဆွန့်စေနှင့်။ "
ဧကသာဋက ပုဏ္ဏားကြီးသည်
ပညာနုံသည်ဖြစ်၍ မစ္ဆေရတရားက လွှမ်းမိုးခြင်းကို ခံရသူဖြစ်သည်။
အရှင်မဟာမောဂ္ဂလာန်၏ ဒါယကာသူဌေးကြီးကား ပညာတက်သည်ဖြစ်၍ မစ္ဆေရတရားကို
လွှမ်းမိုးနိုင်သူဖြစ်သည်။ ။